ငယ်စဉ်အခါက အနိုင်ကျင့်ခံခဲ့ရကြောင်းနှင့် ၀ဖြိုး၍ အရှက်ခွဲခံခဲ့ရကြောင်း ကိတ်ဝင်းစလတ် ဖွင့်ဟပြောဆို

ငယ်စဉ်အခါက အနိုင်ကျင့်ခံခဲ့ရကြောင်းနှင့် ၀ဖြိုး၍ အရှက်ခွဲခံခဲ့ရကြောင်း ကိတ်ဝင်းစလတ် ဖွင့်ဟပြောဆို

နာမည်ကျော်မင်းသမီး ကိတ်ဝင်းစလတ်သည် သူမငယ်စဉ်အခါက အနိုင်ကျင့်ခံခဲ့ရကြောင်းနှင့် အများ၏ ပစ်မှတ်ထား လှောင်ပြောင်ခြင်းကို ခံခဲ့ရသည့် သူမ၏ အတွေ့အကြံုအား ဖွင့်ဟပြောဆိုခဲ့သည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သော We Day UK ပွဲ၌ အော်စကာဆုရှင် မင်းသမီးသည် ပရိသတ်ပေါင်း ၁၂၀၀၀ ရှေ့မှောက်တွင် သူမငယ်စဉ်က မင်းသမီးဖြစ်ချင်စိတ်ရှိခဲ့၍ လူအများ၏ လှောင်ပြောင် ဒဏ်ကိုခံရကာ ကြီးပြင်းခဲ့ရကြောင်း ပြောခဲ့သည်။

“ကျမ ငယ်စဉ်က ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရပါတယ်။ သူတို့က ကျမကို အဆီတုံးမ လို့ ခေါ်ခဲ့ကြပါတယ်။ သရုပ်ဆောင်ဖြစ်ချင်ခဲ့တဲ့အတွက် ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ်။ ဗီရိုထဲထည့်ပြီး သော့ခတ်ထားခဲ့ကာ ကျမ ကို ဟားတိုက်ရယ်မောခဲ့ကြပါတယ်” ဟု သူမက ပြောခဲ့သည်။ အဲ့ဒါတွေအားလုံးဟာ သူမငယ်စဉ်က ၀ဖြိုးခဲ့လို့ လှောင်ပြောင်ကြခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုသို့ အနိုင်ကျင့်ခံခဲ့ရသော်လည်း သူမအားလုံးထက်သာအောင် ကြိုးစားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်းနှင့် အနိုင် ကျင့်ခံရမှုကြောင့် သူမ၏ သရုပ်ဆောင် လမ်းကြောင်းကို အပျက်စီးမခံခဲ့ကြောင်း၊ အရှုံးမပေးခဲ့ကြောင်းလည်း ပြောခဲ့သည်။

“ကျောင်းကပွဲတွေမှာဆိုရင် ကျမဟာ မိကျောင်း၊ စာခြောက်ရုပ်၊ အမဲရောင်နတ်သမီး၊ ဖား စတဲ့ ဇာတ်ကောင် နေရာတွေကနေပဲ သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက အရေးမကြီးပါဘူး။ ကျမ နှစ်သက်ပါ တယ်။ ကျမ သရုပ်ဆောင်ရတာကို ချစ်မြတ်နိုးပါတယ်။ အရေးပါတဲ့အခန်းပဲဖြစ်ဖြစ် အရေးမပါတဲ့အခန်းပဲဖြစ် ဖြစ်ပါ။ ကျမ အောင်မြင်ကြီးမြတ်လိုတဲ့အတွက် အမြဲတမ်းသင်ယူနေဖို့ သံဓိဌာန်ချခဲ့ပါတယ်” ဟု သူမက ပြောခဲ့ သည်။

ထိုသို့ကြိုးစားခဲ့မှု၏ ဆုလာဒ်အနေဖြင့် တိုက်တန်းနစ်ဇာတ်ကားတွင် ရို့စ်နေရာမှ သရုပ်ဆောင်ခွင့်ရခဲ့ကြောင်း နှင့် ရီးဒင်းမြို့၏ အသားညှပ်ပေါင်မုန့်ဆိုင်မှ ကောင်မလေးကိတ်ဟာ သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်ကြီးထဲ၌ ပါ၀င်ခွင့်ရခဲ့ကြောင်း ပြောပြခဲ့သည်။

သူမ၏ အောင်မြင်မှုအား ကိုးကား၍ ကိတ်ဝင်းစလတ်သည် ပရိတ်သတ်များကို ဘယ်နေရာကပဲလာလာ၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဘာမဆိုလုပ်နိုင်တယ်ဆိုတာကို ယုံကြည်ဖို့လိုကြောင်း အားပေးတိုက်တွန်းခဲ့သည်။

Ref: People

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly