အမိမဲ့ဖြစ်နေတဲ့ ကျားပေါက်လေးသုံးကောင်ကို ကျားအရုပ်ကြီး သုံးပြီး နို့တိုက်ပေး

အမိမဲ့ဖြစ်နေတဲ့ ကျားပေါက်လေးသုံးကောင်ကို ကျားအရုပ်ကြီး သုံးပြီး နို့တိုက်ပေး

မတ် ၂၃ ။                       ။ အိန္ဒိယနိုင်ငံမှာ မိခင် ကျားမကြီး သေဆုံးသွားလို့ အမိမဲ့ဖြစ်နေတဲ့ ကျားပေါက်လေးသုံးကောင်ကို တာဝန်ရှိသူတွေက တွေ့ရှိ ကယ်ဆယ်ထားခဲ့ရပါတယ်။

အမိမဲ့ ဖြစ်နေတဲ့ အဆိုပါ ကျားပေါက်လေးသုံးကောင်ကို ဒီတိုင်း နို့ဗူးနဲ့ နို့တိုက်ဖို့ မလွယ်ခဲ့တာကြောင့် ယခုဆိုရင် တာဝန်ရှိသူတွေဟာ ကျားအရုပ်ကြီးတစ်ခုကို သုံးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ အရုပ် ကျားမကြီးတစ်ခုရဲ့ အတွင်းထဲမှာ နို့ဗူးတွေကို အံကိုက်တင်ဆင်ပြီး ကျားပေါက်လေးတွေကို နို့တိုက်ပေးခဲ့ရာမှာတော့ ကျားပေါက်လေးတွေဟာ သူတို့ရဲ့မိခင်ကြီးလို့ပဲ မှတ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အားပါးတရ နို့စို့နေခဲ့တယ်လို့ သိရပါတယ်။

ယင်း ကျားပေါက်လေးသုံးကောင်ကိုတော့ နိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ မြစ်တစ်ခုအနီး သေဆုံးနေတဲ့ သူတို့ရဲ့ မိခင်ကျားမကြီးဘေးမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ တွေ့ရှိစဉ်တုန်းကတော့ ကျားပေါက်လေးတွေဟာ အသက်ဆက်ရှင်ဖို့ မလွယ်လှတဲ့ အရေးပေါ်အခြေအနေမှာ ရောက်နေခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ မိခင်ကျားမကြီးကတော့ နွားမွေးမြူရေးခြံသမားတွေ တပ်ဆင်ထားတဲ့ လျှပ်စစ် ခြံစည်းကို တိုက်မိရာကနေ သေဆုံးသွားတယ်လို့ ယုံကြည်ရပါတယ်။

ယင်းနောက် တာဝန်ရှိသူတွေက ကျားပေါက်လေးတွေကို ခေါ်လာခဲ့ပြီး သူတို့နေထိုင်ဖို့ အထူးလှောင်အိမ်တစ်ခု ဆောက်ပြီးတော့ ယခုလို မွေးမြူသွားဖို့လုပ်ဆောင်နေခဲ့ရတာဖြစ်ပါတယ်။ လှောင်အိမ်ထားရှိရာ ၀င်းခြံထဲမှာလည်း တောသဘာဝအတိုင်း ရှင်သန်နေနိုင်ရသလိုမျိုး ဖန်တီးပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။

" ကနဦးပိုင်းတုန်းကတော့ သူတို့ကို ကျွန်တော်တို့ ဆိတ်နို့နဲ့ ဒီတိုင်းတိုက်ဖို့ လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ကို ကြည့်ရတာ လူတွေနဲ့ တိုက်ရိုုက်ထိတွေ့တာ မကြိုက်တဲ့ပုံပါ၊ ကျွန်တော်တို့ ၀န်ထမ်းတွေ နို့ဗူးနဲ့ တိုက်တာ သူတို့ မသောက်ချင်ကြပါဘူး၊ ဒါပေမယ့် ခုတော့ ဒီအရုပ်ကျားထဲမှာ နို့ဗူးမြုှပ်ပြီး တိုက်တော့သူတို့ အားရပါးရ စို့ကြတာကို တွေ့ရပါတယ်" ဟု နိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် ကျားထိန်းသိမ်းရေးဌာန ဒါရိုက်တာ Mridul Pathak က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly