လန်ဒန်မြို့လယ် အကြမ်းဖက်တိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်ကြီးများ ပြစ်တင်ရှုတ်ချ

လန်ဒန်မြို့လယ် အကြမ်းဖက်တိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်ကြီးများ ပြစ်တင်ရှုတ်ချ

မတ် ၂၃ ။        ။ လူလေးဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိသွားသည့် လန်ဒန်မြို့လယ်ခေါင် အကြမ်းဖက်မှုဖြစ်စဉ်အပေါ် ကမ္ဘာ့ခေါင်းဆောင်ကြီးများက တညီတညွတ်ထဲ ပြစ်တင်ရှုတ်ချသွားခဲ့ကြသည်။

မတ်လ ၂၂ ရက်က လန်ဒန်ပါလီမန်အဆောက်အအုံအပြင်ဘက်တွင် အမျိုးသားတစ်ဦးက လမ်းသွားလမ်းလာများကို ကားဖြင့် ၀င်တိုက်ပြီး ရဲတစ်ဦးကိုပါ ဓါးဖြင့်ထိုး တိုက်ခိုက်ခဲ့ခြင်းကြောင့် လေးဦးထက်မနည်း သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိသွားသည်။ အဆိုပါ တိုက်ခိုက်သူ အမျိုးသားကိုလည်း ရဲက ပစ်သတ်လိုက်ရသည်။

ဒေါင်းနင်းလမ်း အိမ်တော်ရှေ့တွင် ပြောကြားရာတွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ယင်းတိုက်ခိုက်မှုမှာ စက်ဆုပ်ဖွယ်ရာကောင်းပြီး ဆိုးရွားသော လုပ်ရပ်ဟု ပြစ်တင်လိုက်သည်။

ယခုကဲ့သို့ အကြမ်းဖက်မှုနှင့် ရင်ဆိုင်ခဲ့ရသည့် ဗြိတိန်တို့နှင့် အတူ ရပ်တည်နေလျက်ရှိကြောင်း ဂျာမန် အဓိပတိ အိန်ဂျယ်လာ မာကယ်လ်က ထုတ်ဖော်ပြောကြားလိုက်သည်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်း ကလည်း ယခု ဖြစ်စဉ်တွင် ဗြိတိန်ပြည်သူ ပြည်သူများအားလုံးနှင့် အတူ စုစည်းရပ်တည်နေလျက်ရှိကြောင်းနှင့် မိမိတို့ ပြင်သစ်အထက်တန်းကျောင်းသားသုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် နာကျင်ခံစားခဲ့ရကြောင်း ပြောသွားသည်။

အမေရိကန် အိမ်ဖြူတော်အစိုးရကလည်း ယခု တိုက်ခိုက်မှုကို ပြစ်တင်သွားပြီး အကြမ်းဖက်မှုများကို တုန့်ပြန်ရာတွင် အပြည့်အဝထောက်ခံလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် တာဝန်ရှိသူအဖွဲ့အစည်းများကို ဖော်ထုတ်ရာတွင် ထောက်ခံလုပ်ဆောင်ပေးသွားမည်ဟု ထုတ်ပြန်သွားသည်။

ယခု လန်ဒန်အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း ဗြိတိန်နိုင်ငံနှင့် တန်းတူ ရပ်တည်ကြောင်း ထုတ်ဖော်ခဲ့သည့် နိုင်ငံများထဲတွင် ကနေဒါ၊ ရုရှ၊ နယ်သာလန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ တူရကီ၊ ဂျပန်၊ ဂရိ၊ စပိန်၊ ပေါ်တူဂီ၊ သြစတြေးလျ၊ တရုတ်၊ စင်ကာပူ၊ ကာတာ၊ ဗင်နီဇွဲလား နှင့် အီးယူတို့ ပါ၀င်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly