ကောလင်းရှိ ရေဘေးသင့်ကျေးရွာများတွင် သောက်သုံးရေ လိုအပ်ချက်ရှိနေ

ကောလင်းရှိ ရေဘေးသင့်ကျေးရွာများတွင် သောက်သုံးရေ လိုအပ်ချက်ရှိနေ
 ရေကြီးရေလျှံမှုကြောင့် လှေဖြင့်သာ ခရီးဆက်နိုင်သည့် ကောလင်းမြို့နယ်အတွင်း ကျေးရွာတစ်ခု (ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဝန်းသိုခရိုင်၊ ကောလင်းမြို့အတွင်းရှိ ကျေးရွာများတွင် ရေကြီးမှုကြောင့် သောက်ရေ၊ သုံးရေတွင်းများ ရေနစ်မြုပ်ခဲ့ပြီး သောက်သုံးရေ လိုအပ်ချက် ရင်ဆိုင်နေရသည်ဟု ဒေသခံများကပြောသည်။ 

"အဓိက ရေကြီးတော့ ရေတွင်းတွေက ရေမြုပ်သွားတယ်။ ရေကတော့ အခုကတော့ မြို့နယ်ကပို့တဲ့ ရေသန့်ဗူးတွေပဲ သုံးနေကြတယ်။ အဲဒီ့ရေ ကုန်သွားရင်တော့ မြို့နယ်ကို ဆက်သွယ်ပြီး ရေတွင်းတွေကို ဆေးခတ်ဖို့ တောင်းဆိုမယ်။"ဟု ကောလင်းမြို့နယ်၊ တောင်ရွာကျီးတောရွာ၏ အုပ်ချုပ်ရေးမှူး ဦးပေါက်စက မဇ္ဈိမကို ပြောသည်။ 

တောင်ရွာကျီးတောရွာတွင် ရေတွင်းလေးတွင်းရှိပြီ ယင်းရေတွင်းများကို သောက်ရေအတွက်ရော၊ သုံးရေအတွက်ပါ အားထားနေရခြင်းဖြစ်ပြီး ယခုယင်းကန်များ သန့်ရှင်းမှု မရှိသေးသည့်အတွက် အလှူရှင်များလာပေးသည့် ရေသန့်ဗူးများကို သုံးစွဲနေရခြင်းဖြစ်သည်။ 

ရေဘေးသင့်ဒေသများတွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါ နှင့် သွေးလွန်တုတ်ကွေးရောဂါတို့ အဓိက ဖြစ်ပွားနိုင်သော်လည်း ကျေးရွာအချို့တွင် ကျန်းမာရေးအတွက် ပြင်ဆင်ထားမှု အားနည်းနေသေးသည်ဟု ကောလင်းမြို့အတွင်းရှိ ကျေးရွာများသို့ သွားရောက် အကူအညီပေးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပြန်ကြားရေးတာဝန်ခံ ကိုရောဘတ်က မဇ္ဈိမကို ပြောသည်။ 

"လောလောဆယ် သူတို့ ပြင်ဆင်ထားတာတော့ ဘာမှ မတွေ့ဘူးဗျ"ဟု ကိုရောဘတ်က ပြောသည်။ 

ဝန်းသိုခရိုင် ကောလင်းမြို့တွင် ဇူလိုင် ၂၀ရက် ဝန်းကျင်မှစပြီး ရေကြီး ရေလျှံမှုဖြစ်ခဲ့၍ ကျေးရွာများမှ လူများ အပါအဝင် ကျွဲ၊ နွားများ ဘေးလွတ်ရာသို့ ရှောင်ရှားခဲ့ရသည်။ 

"ကျောက်ကာရွာကို ထွက်ပြေးရတယ်။ အဲ့ဒီ့ကို လူတွေရော၊ နွားတွေရော၊ တစ်အိမ်မှမကျန်ဘူး။ ကျွန်တော်တို့ရွာမှာ ၅၅အိမ်ရှိတာ အကုန်ထွက်ပြေးရတယ်ဗျ။ ကျောက်ကာရွာထိကို လှေတွေနဲ့ ပြေးခဲ့ကြရတာဗျ။ "ဟု တောင်ရွာကျီးတောရွာမှ လယ်သမား ကိုဝင်းကိုက မဇ္ဈိမကို ပြောသည်။ 

ဇူလိုင် ၂၈ရက်တွင် ရေထပ်တက်လာနိုင်ဖွယ်ရှိသည်ဟု ဝန်းသိုခရိုင် နှင့် ကောလင်းမြို့အတွင်း နှင့် အနီးရှိ ကျေးရွာများတွင် ဒေသအာဏာပိုင်များက အသံချဲ့စက်များဖြင့် လိုက်လံ ဆော်သြခဲ့သည်ဟု ကောလင်းရောက် မဇ္ဈိမ ဓာတ်ပုံအယ်ဒီတာ ကိုဟောင်ဆာက သတင်းပေးပို့ထားသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပေါက်စကလည်း "ဝန်းသိုကတော့ ကျွန်တော်တို့ ကောလင်းကို ရေထပ်လာမယ်ဆိုပြီး သတင်းပို့ထားပါတယ်။ ရေထပ်လာလို့ ရှိရင်တော့ ကျွန်တော်တို့ လှေတွေနဲ့ စီစဉ်ထားတာ ရှိပါတယ်။ ကျောက်ကာ နဲ့ ပန်းဒင်ရွာကို ပြေးရမှာပါပဲ ခင်ဗျ။"ဟု ပြောသည်။ 

လက်ရှိတွင် ကျေးရွာများတွင် ရေကျနေပြီဖြစ်သော်လည်း ဇူလိုင် ၂၈ရက်တွင် တောင်ရွာကျီးတောရွာ၌ ရေ ဒူးခေါင်းခန့် နစ်မြုပ်နေသေးပြီး ဒေသခံများက ဇူလိုင် ၂၇ရက်က မိမိတို့ နေအိမ်သို့ ပြန်လာကာ နေထိုင်လျက်ရှိသော်လည်း နောက်ထပ် ရေတက်လာမည်ကို စိုးရိမ်နေသည်ဟု ပြောသည်။ 

"ပူတာပေါ့ဗျာ။ ရေက ထပ်ကြီးဦးမယ် ဘာမယ်ထပ်ပြောတာ စိတ်ပူတာပေါ့ဗျာ။ ပစ္စည်းတွေကို သယ်ရကောင်းနိုး၊ မသယ်ရကောင်းနိုးနဲ့ ဖြစ်နေသေးတယ်"ဟု ကိုဝင်းကိုက ပြောသည်။ 

ရေဘေးသင့် ပြည်သူများကို ရန်ကုန်က အောင်မင်္ဂလာ အဝေးပြေး မော်တော်ယာဉ် လုပ်ငန်းရှင်များအသင်း၊ မင်္ဂလာဒုံ ပုလဲမြို့သစ်က ဆရာတော်တစ်ပါး၏ ပရဟိတအသင်း၊ ဆရာမင်းသိင်္ခတည့် ဆရာဇင်ယော်နီ၊ ကုန်းလမ်းဆက်သွယ်မှု အသင်း၊ နာရေးကူညီမှုအသင်းတို့က အကူအညီ အထောက်အပံ့များ လာပေးနေပြီး အကူအညီမရသေးသည့် အခြား ရေဘေးသင့် ကျေးရွာများကိုလည်း သွားရောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။ 

ရေကြီးရေလျှံမှုကြောင့် အဓိက လယ်ယာများ ဆုံးရှုံးကြရသည်။ ကောလင်းမြို့နှင့် အနီးတစ်ဝိုက်တွင် ကျေးရွာပေါင်း ၅၀ကျော် ရေနစ်မြုပ်ခဲ့ရပြီး တောင်ရွာကျီးတောရွာ တစ်ခုတည်း၌ပင် လယ်ဧက ၁၅၀၀ကျော် ရေနစ်မြုပ်ကာ ပျက်စီးခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပေါက်စက ပြောသည်။ 

"လယ်ဧကတော့ ရွာမှာလုပ်ကိုင်တဲ့သူတွေအားလုံး ဆုံးရှုံးတာပါပဲ။ စိုက်ထားတာကတော့ သီးတဲ့သူလည်း သီးး။ မသီးတဲ့သူတွေလည်း မသိးကြသေးဘူး။ တစ်ဧကကို အနည်းဆုံး ငါးသောင်း၊ ခြောက်သောင်းလောက်တော့ ရှိတယ်ဗျ။ အဲ့တော့ တော်တော်လေးတော့ ဆုံးရှုံးကြပါတယ်"ဟု လယ် ၂၁ဧက ပိုင်ရှင် ကိုဝင်းကိုက ပြောသည်။ 

ရေနစ်မြုပ်ခဲ့သည့် လယ်ယာစိုက်ခင်းများအတွက် အစိုးရအနေဖြင့် နစ်နာကြေး ပေးမည်ဟု ဆိုသော်လည်း အတိအကျ မသိရသေးဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပေါက်စက ပြောသည်။ 

"ကျွန်တော်တို့ ကျေးရွာကို ဘာလုပ်ပေးမယ်ဆိုတာတော့ ကျေးရွာတွေကို ဘာမှ အကြောင်းမကြားသေးဘူးခင်ဗျ။ 
နစ်မြုပ်သွားတဲ့ လယ်ဧကတွေကို တစ်ဧကကို သုံးသောင်းပေးမယ်ဆိုပြီး ကောလင်းမြို့နယ် စိုက်ပျိုးရေးဌာနက ပေးမယ်လို့တော့ ပြောတယ်ဗျ"ဟု ၎င်းက ပြောသည်။ 

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ကိုးမြို့နယ်တွင်  ရေဝင်ခဲ့ပြီး ရပ်ကွက် ၃၃ ရပ်ကွက်ရှိ အိမ်ခြေ အိမ်ခြေ ၃၀၀၀ကျော်၊ လူဦးရေစုစုပေါင်း ၁၃၈၃၄ ဦး ပြောင်းရွှေ့ခဲ့ရကာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ခဲ့ရသည်။ 

မိုးရေလျှံတက်မှုကြောင့် မြို့နယ် ၂၁ မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၂၉၃ အုပ်စုတွင် နွေစပါး ၄၉၅၆ ဧက ၊ မိုးစပါး ၅၁၅၅၉ ဧက၊ စပါးပျိုးခင်း ၁၁၉၁၅ ဧက၊ ဆီထွက် သီးနှံ ၂၁၅၅ ဧက၊ ပဲမျိုးစုံ ၄၇၆ ဧက၊ အခြားသီးနှံ ၁၁၃၆၆ ဧက စုစုပေါင်း ၈၂၄၂၇ ဧက ရေဝင်နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။ 

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၂၈ရက် မြန်မာစံတော်ချိန် ၄ နာရီအချိန် မြစ်ရေကြီးမှု ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် ၂နာရီ ၂၀မှစ၍ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ် အထက် ၇ စင်တီမီတာ (၃လက်မခန့်) ကျော်လွန်နေပြီ ဖြစ်သည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ် ခန့်စီ၊ ဧရာဝတီမြစ်ရေ သည် ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့တွင် (၁)ကြိမ်ခန့် နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

အဆိုပါမြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly