မာရှယ်လော ပြဌာန်းပြီး ရွေးကောက်ပွဲ ဆိုင်းငံ့ထားရဖွယ်ရှိဟု ဒူတာတေး သတိပေး

မာရှယ်လော ပြဌာန်းပြီး ရွေးကောက်ပွဲ ဆိုင်းငံ့ထားရဖွယ်ရှိဟု ဒူတာတေး သတိပေး

မနီလာ၊ မတ် ၂၃ ။            ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မာရှယ်လောပြဌာန်းပြီး ရွေးကောက်ပွဲကိုလည်း ဆိုင်းငံ့ရလိမ့်ဖွယ်ရှိကြောင်း သတိပေးလိုက်ရာ ၎င်း၏ အုပ်ချုပ်မှုအောက်တွင် ဒီမိုကရေစီနှင့် ပတ်သက်လျှင် စိုးရိမ်မှုများ တိုးပွားစေတော့သည်။

ဖိလစ်ပိုင် လူမှုအသိုင်းအဝန်းအတွင်း မူးယစ်ဆေးဝါးကို အမြစ်ပြတ် နှိမ်နှင်းသွားမည်ဟု ရွေးကောက်ပွဲ ကတိကဝတ်အရ ယခုလုပ်ဆောင်ချက်နှစ်ရပ်ကို အကောင်အထည်ဖော်ရန် စဉ်းစားနေခဲ့ကြောင်း ဒူတာတေးက ပြောသည်။ ထိုပြင် မာရှယ်လောပြဌာန်းခြင်းဖြင့် အခြားသော လုံခြံုရေးခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်မည်ဟုလည်း ဆိုသည်။

“တကယ်လို့ ကျုပ်က မာရှယ်လော ကြေညာရမယ်ဆို ပြဿနာအားလုံး အပြီးသတ်ပစ်နိုင်မှာဖြစ်တယ်။ မူးယစ်ဆေး လုံးဝရှိတော့မှာ မဟုတ်ဘူး။”ဟု ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိပြီး သတင်းထောက်များနှင့် တွေ့ဆုံမှုတွင် ဒူတာတေးက ပြောလိုက်သည်။

မာရှယ်လောပြဌာန်းခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ခုံရုံးများ ဖွင့်လှစ်ကာ အကြမ်းဖက်မှုများကို စစ်ဆေးကြားနာသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“စစ်တပ်ကနေပြီး ခင်ဗျားတို့ကို ဖမ်းဆီးကြိုးပေးအောင် ကျုပ်ကတော့ ဖော်ဆောင်ပေးရလိမ့်မယ်။”ဟု နိုင်ငံတောင်ပိုင်းက အစ္စလာမ်မစ်စစ်သွေးကြွများကို ရည်ညွန်းပြီး ဒူတာတေးက ပြောသည်။

ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း ကိုးလတာ ရုံးထိုင်ခဲ့သည့် ဒူတာတေးက စစ်အုပ်ချုပ်ရေး ပြဌာန်းရန် ရည်ရွယ်ထားမထားနှင့် ပတ်သက်ပြီး အငြင်းပွားစရာဖြစ်စေသော ပြောဆိုချက်များလည်း ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly