စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ ခွင့်ပြုသွားမည်

စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ ခွင့်ပြုသွားမည်
ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန် မတ် ၂၃ ။            ။ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များကို ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လာရောက်လျှောက်ထားသူ သုံးလေးဦးသာ ရှိနေသေးသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ပြောသည်။

"Public ဧရိယာမှာ စီးပွားဖြစ်လုပ်တာကိုခွင့်မပြုဘူး။ Public ဧရိယာမဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်နေရာမှာ ကျင်းပတာကိုတော့ အခွန်ကောက်ပြီး ခွင့်ပြုပေးသွားမှာပါ" ဟု နော်ပန်းသဥ္ဇာမျိုးက ပြောဆိုခဲ့သည်။

ယနေ့ မတ်လ ၂၃ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတက်ရောက်လာသည့် ဝန်ကြီးက မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ပေ ၁၀၀ မှ ၁၂၀ အကျယ်အား မဏ္ဍပ်ကြီး၊ ပေ ၅၀ မှ ၉၉ ပေ အကျယ်အား မဏ္ဍပ်လတ်၊ ပေ ၅၀ အောက်ကို မဏ္ဍပ်သေး အဖြစ် သတ်မှတ်ထားပြီး ပိုမို ဆောက်လုပ်ပါက တစ်ပေလျှင် ကျပ် ၁၀ သိန်း ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည်။

ယခုအချိန်ထိ စီးပွားဖြစ်မဏ္ဍပ်တည်ဆောက်ရန် လာလျှောက်ထားသူ သုံးလေးဦးခန့်သာ ရှိသေးပြီး အခွန် မည်မျှကောက်ခံသွားမည်ကို သူ့အနေဖြင့် မသိရှိသေးဘဲ စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက သတ်မှတ်သွားမည်သာဖြစ်ကြောင်း နော်ပန်းသဥ္ဇာမျိုးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များ လျှောက်ထားခွင့်များအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဦးဆောင်သည့်  ရန်ကုန်တိုင်းဒေသကြီးအဆင့် ၁၃၇၈ ခုနှစ် ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံ တင်ပြပြီး ခွင့်ပြုချက်ရမှာသာ ဆောက်လုပ်ခွင့်ပေးမည် ဖြစ်သည်။

ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်လွှာများကို မတ်လ ၅ ရက်မှ ၂၅ ရက်အထိ  သတ်မှတ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly