ဗြိတိန်လွှတ်တော်အနီး အစွန်းရောက်တစ်ဦးက ကားဖြင့် လိုက်တိုက်ကာ တိုက်ခိုက်သဖြင့် လူငါးဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

ဗြိတိန်လွှတ်တော်အနီး အစွန်းရောက်တစ်ဦးက ကားဖြင့် လိုက်တိုက်ကာ တိုက်ခိုက်သဖြင့် လူငါးဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

လန်ဒန်၊ မတ် ၂၃ ။         ။ ဗြိတိန်နိုင်ငံ၏ လွှတ်တော်အနီးတွင် မတ် ၂၂ ရက်က တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားရာ လူငါးဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

ဖြစ်ပွားသည်မှာ ၀တ်စ်မင်စတာအရပ်တွင် ဖြစ်ပြီး အထင်ကရ Big Ben နာရီစင်ကြီးအနီး လမ်းသွားလမ်းလာများကို တိုက်ခိုက်သူတစ်ဦးက ကားဖြင့် လိုက်လံ ၀င်တိုက် တိုက်ခိုက်ခြင်းဖြစ်သည်။

လွှတ်တော်အပြင်က အရံအတားများနှင့် ကားဝင်တိုက်မိပြီးနောက် ၎င်းက ဆင်းလာခဲ့ကာ လက်နက်မဲ့ရဲတစ်ဦးကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခြင်းဖြစ်သည်။

၎င်းတိုက်ခိုက်သူအား လွှတ်တော်ရှိ အစောင့်ရဲက ပစ်သတ်ခဲ့သည်။

ဓားခုတ်ခံရကာ သေဆုံးသည့် ရဲအရာရှိမှာ အသက် ၄၈ နှစ်ရှိ ကိစ်ပါလ်မာဆိုသူ အိမ်ထောင်သည် ကလေးဖအေတစ်ဦးဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုတိုက်ခိုက်မှုက လက်ခံချင်စရာမရှိသော လူကျင့်ဝတ်ဖောက်ပြားမှုဖြစ်ပြီး လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လွတ်လပ်စွာပြောဆိုခွင့် တန်ဖိုးများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ် ထရီဆာမေက ပြောသည်။

တိုက်ခိုက်သူက မည်သူမည်ဝါဖြစ်ကြောင်း ရဲက ထုတ်ပြန်သေးခြင်း မရှိပေ။

၎င်း မည်သူမည်ဝါဖြစ်ကြောင်း သိထားပြီး ပြည်ပနိုင်ငံများနှင့် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့များ၏ လှုံ့ဆော်မှုကြောင့် ကျုးလွန်သည့် တိုက်ခိုက်မှုဖြစ်သည်ဟု အကြမ်းဖက်တိုက်ဖျက်ရေးရဲတပ်ဖွဲ့အကြီးအကဲ မတ်ရိုးလေးက ပြောသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပေ။

အဆိုပါ တိုက်ခိုက်မှုမှာ ဂရင်းနစ်စံတော်ချိန် ၁၄ နာရီ မိနစ် ၄၀ တွင် ဖြစ်ပွားခြင်းဖြစ်သည်။ လွှတ်တော်အနီး ၀တ်စ်မင်စတာတံတားပေါ်ရှိ ပလက်ဖောင်းတစ်လျှောက် ယင်းတိုက်ခိုက်သူက ကားဖြင့် လိုက်လံဝင်တိုက်ခြင်းဖြစ်ရာ အနည်းဆုံးလူနှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

ကားက လွှတ်တော်အပြင်ဖက်က အရံအတားများနှင့် ၀င်တိုက်ကာ ထိုးရပ်သည်။

၎င်းတိုက်ခိုက်သူက ကားပေါ်က ဓားကိုင်လျက် ဆင်းလာပြီး လွှတ်တော်အတွင်း ပြေးဝင်ခဲ့ရာ လက်နက်မရှိသည့် ရဲ ပါလ်မားနှင့် ထိပ်တိုက်တွေ့ပြီး ၎င်းက ပါလ်မားကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတိုက်ခိုက်သူကို လက်နက်ရှိထားကြသည့် အခြားရဲများက ပစ်သတ်လိုက်ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags