ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်နှင့် ရေငုပ်သင်္ဘောများ လေ့လာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်နှင့် ရေငုပ်သင်္ဘောများ လေ့လာ

ရန်ကုန် (မဇ္ဈိမ) ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ၂၂ ဦးသည် ဇူလိုင် ၂၇ ရက်နေ့က အိန္ဒိယအနောက်ပိုင်း ဂိုအာမြို့ရှိ India Naval Aviation Spuadron (INS Hansa) ရေတပ်စခန်းနှင့် ဂိုအာ သင်္ဘောတည်ဆောက်ရေး လိမိတက်သို့ သွားရောက်လေ့လာကြသည်။

ဂိုအာရေတပ်စခန်း၌ အိန္ဒိယရေတပ်အကြီးတန်းအရာရှိကြီးများက ကြိုဆိုကြပြီးနောက် လေယာဉ်များ၊ အိန္ဒိယတပ်မတော်ရေငုပ်သင်္ဘောတို့အား ကြည့်ရှုလေ့လာခဲ့ကြသည်။ ရှင်းလင်းတင်ပြမှုများကိုလည်း လေ့လာမှတ်သားခဲ့ကြသည်။

မနက် ၁၁ နာရီကျော်တွင် အိန္ဒိယနိုင်ငံ၏ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများတွင် ဦးဆောင်ကုမ္ပဏီ ဂိုအာရှိ Goa Shipyard Limited-GSL သို့ရောက်ရှိကြပြီး နောက်ဆုံးပေါ် နည်းပညာများဖြင့် တည်ဆောက်လျက်ရှိသည့် လုပ်ငန်းခွင်အား လှည့်လည်လေ့လာခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် GSL ထုတ် ကမ်းလွန်ကင်းလှည့်ရေယာဉ်များအား သဘောကျသော်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသေးသဖြင့် အချိန်အတိုင်းအတာတစ်ခု စောင့်ရဦးမည်ဟု GSL ဥက္ကဌနှင့် ညွှန်ချုပ်ဖြစ်သူ ရှခါမစ်တေးက ပြောသည်ဟု အိန္ဒိိယသတင်းများက ဖော်ပြသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးနှင့် GSL ညွှန်ချုပ် ရှခါမစ်တေးတို့သည် ပင်လယ်ရေကြောင်း မဟာဗျူဟာများ ရေတပ်ချထားမှု၊ သင်္ဘောတည်ဆောက်ရေး၊ ပြင်ဆင်ရေးတို့လည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ပူးနေးခရိုင် ကူးနေးလေဆိပ်မှတဆင့် TA TA MOTORS မော်တော်ကားကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ကြသည်။

TA TA MOTORS မော်တော်ကားကုမ္ပဏီ၌ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းများရှင်းပြသည်ကို လေ့လာမှတ်သားခဲ့ကြသည်။

၂၀၁၄ ခု နိုဝင်ဘာလအတွင်းက အိန္ဒိယဝန်ကြီးချုပ် ရှရီနရန်ဒရာ မိုဒီ မြန်မာနိုင်ငံသို့အလည်ရောက်စဉ် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ကြား စီမံကိန်းများနှင့်၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်သွယ်မည့် အဝေးပြေးလမ်းမကိစ္စ၊ ကုလားတန်မြစ်ကြောင်းစီမံကိန်းနှင့် အင်ဖား-မန္တလေး ကားပြေးဆွဲရေး ကိစ္စများကို ဆွေးနွေးခဲ့သေးသည်။

Ref; Myawady, Goa News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly