မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးရန် အသင့်ရှိကြောင်း မွန်လူထုအား အသိပေး

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးရန် အသင့်ရှိကြောင်း မွန်လူထုအား အသိပေး
ဦးသိန်းစိန်အစိုးရ နှင့်အတူ NCA စာချုပ်မူကြမ်းဆွေးနွေးမှုများတွင် ပါဝင်ခဲ့သည့် မွန်ပြည်သစ်ပါတီခေါင်းဆောင် နိုင်ဟံသာ။ (ဓာတ်ပုံ-ဘိုဘို)

ချင်းမိုင်၊ မတ် ၂၂ ။          ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် သဘောထားရှိနေကြောင်းကို မွန်ပြည်သစ်ပါတီ (NMSP)က မွန်ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးရန် အဆင်သင့်ရှိနေကြောင်းကို မွန်ပြည်သစ်ပါတီက ယနေ့ မတ်လ ၂၂ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ NMSP ပါတီရုံးတွင် မွန်နိုင်ငံရေးပါတီများ၊ မွန်လူထုအခြေပြုအဖွဲ့အစည်းများနှင့် မွန်သံဃာတော်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့့ခြင်း ဖြစ်သည်။

လက်ရှိ မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အတိုင်း သွားနေသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး မွန်ပြည်သူများ၏ အကြံဉာဏ်ကို ရယူခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“အန်စီအေအကြောင်းကို အများကြီး ပြောဖြစ်ကြပါတယ်။ ကျနော်တို့က အန်စီအေကို မကြိုက်လို့ မဟုတ်ဘူးလေ။ မထိုးသေးတာပဲရှိတယ်။ မထိုးဖြစ်သေးတာက ကျနော်တို့ ရပ်တည်ချက် ၂ ချက် အန်စီအေဆိုတဲ့အတိုင်း တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုပြီး မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ တိုက်ပွဲတွေလည်း ရပ်စေချင်တယ်။ တပြည်လုံး ဆိုတဲ့အတိုင်း ဘယ်သူမှ မကျန်စေဘဲ အားလုံးပါဝင်ရေး၊ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေလည်းပါနိုင်အောင် ကျနော်တို့ အားလုံးပါဝင်ရေးရပ်တည်လာခဲ့တယ်။ အခုနောက်ပိုင်းကြတော့ လတ်တလောမှာ ပန်ခမ်းသဘောထားအတိုင်း တချို့အဖွဲ့တွေက အန်စီအေ လမ်းကြောင်းတိုင်းမဟုတ်ဘဲ၊ နိုင်ငံရေးဖြစ်စဉ်မှာ ပါဖို့ဆိုတာဖြစ်လာတော့ ကျနော်တို့က ပါတီထဲမှာ ပြန်ပြီး ဆွေးနွေးကြတယ်”ဟု သူက ပြောသည်။

မွန်ပြည်သစ်ပါတီက NCA ရေးဆွဲရာတွင် ဦးဆောင်ပါဝင်ခဲ့သလို၊ အတည်ပြု မူကြမ်းကိုလည်း သဘောတူခဲ့သည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးမူနှင့် တိုက်ပွဲများ ရပ်တန့်ရေးမူကို ကိုင်စွဲခဲ့သော်လည်း အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပန်ခမ်းသဘောထားထုတ်ပြန်ချက်အတိုင်း နိုင်ငံရေးဖြစ်စဉ်ဖြင့် ငြိမ်းချမ်းရေး ဆက်သွားရန် သဘောထားရှိလာသဖြင့် ပြန်လည်ဆွေးနွေးသုံးသပ်လာခြင်း ဖြစ်သည်ဟု သူက ဆက် ပြောသည်။

“မြောက်ပိုင်းက မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေ ပါလာရေးဆိုတဲ့ဟာက အဲဒီအဖွဲ့တွေ ကိုယ်တိုင်က အန်စီအေ လမ်းကြောင်း မဟုတ်တဲ့ လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးကို ဖြတ်သန်းချင်တယ်။ ဆိုတဲ့သဘောရှိလာတော့ ကျနော်တို့ကလည်းပဲ အားလုံးပါဝင်ရေး ကျနော်တို့ ရပ်တည်ချက်ကို ပြန်ပြီးတော့ စိစစ်ဖို့ လိုလာတယ်လေ။ အဲဒီ စိစစ်တဲ့သဘောထဲမှာ ကျနော်တို့က အန်စီအေ လမ်းကြောင်းမူကြတော့ အတူတကွသွားလို့ မဖြစ်နိုင်တော့ဘူး" ဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်သူလူထု ကိုယ်စားလှယ်များကလည်း မွန်ပြည်သစ်ပါတီ တဖွဲ့တည်း NCA လမ်းကြောင်းအတိုင်းသွားမည့် ဘဝတူညီနောင်များနှင့် သွားသင့်ကြောင်း အကြံပြုခဲ့သလို၊ လက်မှတ်ရေးထိုးရာတွင်လည်း သတိဖြင့် ထိုးကြရန် အကြံပြုမှုများရှိသည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ တိုးတက်သော မွန်လူငယ်အစည်းအရုံးမှ တာဝန်ခံ ကိုမင်းစိုက်ချမ်းအောင်က ပြောသည်။

“တက်ရောက်တဲ့ CSO တွေကလည်း အကယ်၍ မွန်ပြည်သစ်ပါတီက လက်မှတ်ထိုးမယ် ဆိုရင်လည်း သူတို့ ထောက်ခံပါတယ်။ အန်စီအေ ထိုးသင့်တယ်ဆိုတာတွေ ပြောကြတယ်။ ဒါပေမဲ့ နည်းနည်းတော ့သတိထားရမယ်ပေါ့။ ထိုးမယ်ဆိုရင်လည်း အကုန်လုံး ပုံအပ်ပြီးတော ့မထိုးဖို့ သတိနဲ့ထိုးဖို့ အမြင်တွေ တင်ပြတာ ရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်၊ သံဖြူဇရပ်၊ ပဲခူး၊ ဘီလူးကျွန်း၊ မုဒုံ၊ ရေး စသည့် အနယ်နယ်အရပ်ရပ်မှ မွန်နိုင်ငံရေးပါတီများ၊ မွန်လူထုအခြေပြုအဖွဲ့အစည်းများ၊ မွန်ပြည်သူလူထုကိုယ်စားလှယ်များ၊ သံဃာတော်များ အပါအဝင် စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC )မှ နိုင်ငံရေးဆွေးနွေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) မှ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် ညှိနှိုင်းဆွေးနွေးမှုအတိုင်း ဆက်လက် လုပ်ဆောင်သွားရန် သဘောထားရှိနေသည်။

မွန်ပြည်သစ်ပါတီသည် NCA လက်မှတ်မထိုးသေးသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC )မှ နိုင်ငံရေးဆွေးနွေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) မှ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် ညှိနှိုင်းဆွေးနွေးမှုတွင် ပါဝင်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌနချုပ် ပန်ခမ်းတွင် ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အစည်းအဝေးတွင် တက်ရောက်ခြင်း မရှိသော်လည်း စာတမ်းများ ပေးပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly