သုံးလအတွင်း ဖမ်းဆီးမိတာ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော်လောက်ရှိမယ်

သုံးလအတွင်း ဖမ်းဆီးမိတာ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော်လောက်ရှိမယ်
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

တရားမဝင်ကုန်စည်တွေနဲ့ အခွန်မဲ့ပစ္စည်းတွေဖမ်းဆီးနေတဲ့ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် နှင့် အင်တာဗျူး

“ကိုယ့်နိုင်ငံက ထွက်သွားတဲ့ သဘာဝ သစ်တောထွက်ပစ္စည်းတွေ၊ တွင်းထွက်ပစ္စည်းတွေ ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ ခုလိုဖမ်းဆီးနေတာတွေက ပြည်သူလူထုကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ကိုယ်တို့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း ဝိုင်းဝန်းတိုက်ခိုက်ကြတာတွေရှိပါတယ်။ တစ်ခါတလေ စိတ်မကောင်းလည်း ဖြစ်ရတယ်”

မေး။ ။ ဆရာတို့ ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ဒီမှာ တရားမဝင်တာတွေ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရတယ်ခင်ဗျာ။ ဘယ်အချိန်လောက်ကစပြီး ဆရာတို့ တားမြစ်ဖမ်းဆီးမှုတွေ လုပ်နေတာလဲခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့စပြီးတော့ စစ်ဆေးရေးလုပ်ငန်းတွေလုပ်တာက မတ်လ ၁ ရက်နေ့က စလုပ်တာပါ။ ရှေ့မှာ တစ်လပိုင်း ၁၅ ရက်လောက်က စပြီး တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ရင်းကနေ သတင်းရတဲ့အပေါ် မှုတည်ပြီးတော့ စစ်ဆေးတဲ့ အပိုင်းတွေလုပ်တာပေါ့။ ပူးပေါင်းအဖွဲ့မှာ အဖွဲ့ ၁၂ ဖွဲ့ရှိပြီးတော့ အုပ်စုတစ် နဲ့ အုပ်စုနှစ် ခွဲထားပါတယ်။ ခွဲထားပြီးတော့ သတင်းရတဲ့အပေါ် အကောက်ခွန်ရဲ့ ရွေးထုတ်စစ်ဆေးတဲ့ ပုံစံအတိုင်းပေါ့နော်။ ရတဲ့သတင်းအချက်အလက်ပေါ် မှုတည်ပြီး စစ်ဆေးတဲ့နေရာနဲ့ စစ်ဆေးတဲ့အချိန် သတ်မှတ်တဲ့အခါ အရေးကြီးတဲ့အတွက် အုပ်စုတစ်နဲ့ အုပ်စုနှစ်မှာပါတဲ့ အကောက်ခွန်ဦးစီးဌာနရယ်၊ စီးပွားကူးသန်းကကုန်သွယ် ရေးဦးစီးဌာန ၂ခုကို ခေါင်းဆောင်တဲ့ အဖွဲ့ ၂ဖွဲ့ ပြန်ခွဲပါတယ်။ အဖွဲ့ခေါင်းဆောင်တွေနဲ့ပဲ မနက် ၆ နာရီကနေ နေ့ခင်း ၁၂ နာရီ၊ နေ့ခင်း ၁၂ နာရီကနေပြီးတော့ ညနေ ၆ နာရီ၊ ည ၆ နာရီကနေ ည ၁၂ နာရီ၊ ၁၂ နာရီကနေ မနက် ၆ နာရီဆိုပြီးတော့ ကားတွေကို တားဆီးစစ်ဆေးဖို့အတွက် ၄ ကြိမ်ခွဲထားပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါဆရာ။ ဆရာတို့အနေနဲ့ အခုလို အဖွဲ့တွေခွဲပြီး တရားမဝင်တဲ့ ကားတွေကို စစ်ဆေးဖမ်းဆီးတဲ့ ကာလတန်ဖိုးက စဖမ်းခဲ့တဲ့ အချိန်ကစပြီး အခုချိန်ထိ ဘယ်လောက်ထိရှိသလဲဆရာ။

ဒီလိုပါ ။ တစ်လပိုင်း၊ နှစ်လပိုင်း လချုပ်ကတော့ တရားမဝင်ဖမ်းဆီးရမိထားတဲ့ တန်ဖိုးက ကျပ်သိန်းပေါင်းတစ် သောင်းခြောက်ထောင်(၁၆၁၆ဝ) ကျော်လောက် တားဆီးဖမ်းဆီးမှုလုပ်ခဲ့ပါတယ်။ အခုလက်ရှိ သုံးလပိုင်းထိ ဆိုရင်တော့ ကျပ်သိန်းပေါင်း နှစ်သောင်းခွဲ(၂၅ဝဝဝ) လောက်ရှိမယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း နောက်ပိုင်း တားဆီးဖမ်းဆီးမှုတွေလုပ်နေတော့ အမှုတွဲ တည်ဆောက်တာတွေ၊ တန်ဖိုးဖြတ်တာတွေ၊ မနေ့ကဆို ၁၂ ဘီး ကားတစ်စီးလုံးအပြည့် ကွန်ပျူတာအပိုပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေဆိုတော့ ဘယ်လိုမှ ကိုယ်တို့အင်အားနဲ့ မစစ်နိုင်တော့ဘူး။ နောက်ထပ် မနေ့ကပဲ ခြောက်ဘီးကား သုံးစီးလုံးအပြည့် အခွန်မပါတဲ့ ဘီယာတွေ၊ ခေါက်ဆွဲ ခြောက်တွေ၊ ဆပ်ပြာမှုန့်တွေ ဖြစ်နေတော့ စစ်ဖို့အတွက် ဒီနေ့မှ ပို့လိုက်တယ်။ အစ်ကိုတို့ တားဆီးဖမ်းတာကတော့ သိပ်မခက်ဘူးကွ။ သတင်းရတာနဲ့ စစ်ဆေးပြီး သွားဖမ်းလိုက်ရုံပဲ။ သို့သော် အခုနကပြောသလို အမှုတ ွဲ တည်ဆောက်တာတွေ၊ နောက်တစ်ခါ တန်ဖိုးစီစစ်သတ်မှတ်တာတွေ ဒါတွေကတော့ အရမ်းကြန့်ကြာတော့ အသေးစိတ်မရသေးဘူး ဖြစ်နေတယ်။

မေး။ ။ ဒီလို တရားမဝင် အခွန်မဲ့တွေ သယ်ဆောင်လာတဲ့ ကားတွေကို တားဆီးဖမ်းမိတဲ့ အခါ ဘယ်လိုပစ္စည်းတွေ အများဆုံးဖမ်းမိလဲ သိချင်ပါတယ်။

ဖြေ။ ။ အဓိကတော့ တစ်ဖက်နိုင်ငံက လူသုံးကုန်ပစ္စည်းတွေကို အခွန်မဆောင်ဘဲ သွင်းတဲ့ ပစ္စည်းက များတယ်။ စားသောက်ကုန်တွေရှိတယ်။ တရားမဝင်သွင်းတဲ့ ဟင်းခတ်အသားတွေ ရှိတယ်။ နောက် လျှပ်စစ်ပစ္စည်းတွေ ရှိတယ်။ သူများနိုင်ငံကို အထွက်ကြတော့ အဓိက အစ်ကိုတို့ မိတာတွေက ကျောက်စိမ်းတွေ၊ ဟိုတလောကဆိုရင်လည်း ကျောက်စိမ်း ရ တန်လောက် မိတယ်။ နောက်တစ်ခါ ကျောက်စိမ်းအပြည့်သယ်လာတဲ့ လင့်ခရူဆာကား သုံးစီး၊ လေးစီး ဖမ်းမိထားတာရှိမယ်။ နောက် ကားအသေးလေးတွေနဲ့ သယ်လာတဲ့ လက်ကောက်လုပ်တဲ့ ကျောက်စိမ်းတွေမိတယ်။ နောက်ထပ်က သစ်တွေ၊ သစ်တောထွက်ပစ္စည်းတွေမိတယ်။ ခရီးသည်ကားတွေနဲ့ သယ်လာတဲ့ အမဲသားခြောက်တွေလည်း မိတယ်။

မေး။ ။ ဆရာခုလိုတွေ တားမြစ်ဖမ်းဆီးတဲ့ အခါတွေမှာရော စိန်ခေါ်မှုတွေ၊ အခက်အခဲ ကြီးကြီးမားမားတွေ ကြံုတွေ့ခဲ့ရတာတွေရှိလားခင်ဗျာ။

ကျွန်တော်တို့မှာ အခက်အခဲတွေကတော့ အများကြီးပါ။ ဒါပေမယ့် ကျွန်တော်တို့က ဝန်ထမ်းတွေဖြစ်တဲ့ အခါကြတော့ ဒါတွေက ခေါင်းထဲမရှိပါဘူး။ အဆင်ပြေအောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုနက ပြောသလိုပေါ့ ကားတွေကို ရွေးထုတ်စစ်ဆေးတဲ့ ပုံစံနဲ့ ၂၄ နာရီလုံး မစစ်နိုင်တဲ့ အခါကျတော့ ရရှိတဲ့ သတင်းအချက်အလက်ပေါ်မူတည်ပြီးတော့ ရွေးထုတ်စစ်ဆေးတဲ့ ပုံစံနဲ့ ခုနက အဖွဲ့ကနေပြီးတော့ ငါတို့ ဒီနေ့ ၉ နာရီမှာ မူးယစ်စစ်မယ်။ ခြောက်ဘီးကားစစ်မယ်။ နောက်တက်လာတဲ့ နံပတ်အနီတွေစစ်မယ်။ အဲ့ဒီလို့မျိုး သူ့ဟာနဲ့ သူဆုံးဖြတ်ကြတယ်။ ကျွန်တော်တို့တွေ စစ်နေပြီ ဆိုတာနဲ့ တရားမဝင်သယ်တဲ့ ကားသမား တွေက ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို ၄ သောင်း၊ ၅ သောင်း လောက်ပေးထားပြီးတော့ ကျွန်တော်တို့ကို စောင့်ကြည့်ခိုင်းထားတာတွေရှိတယ်။ ကျွန်တော်တို့ အနီးတဝိုက်က ဆိုင်လေးတွေမှာ၊ ဖြတ်သွား ဖြတ်လာ လုပ်နေတဲ့သူတွေထဲမှာ ရှိနေတယ်။ ကျွန်တော်တို့လည်း ကြာပြီးဆိုတော့ တချို့ကောင်တွေကို မျက်မှန်းတန်းမိလာတယ်။ ဒီကောင်တွေကို မြင်ပါများလာတော့ ဒါတွေ ကျွန်တော်တို့ သတိထားမိလာတယ်။ နောက်ပြီးတော့ တရားမဝင် ကုန်စည်သယ်တဲ့ ကားတွေက ကျွန်တော်တို့ နားတဲ့ အချိန်တွေ၊ ကျွန်တော်တို့တွေ မစစ်တဲ့ အချိန်တွေမှာ ဖြတ်ကြပါတယ်။ ဒီစခန်းရဲ့ အားနည်းချက်က ဘာဖြစ်လဲဆိုတော့ ဟိုဘက်အပေါ်ဘက်ကိုဆိုရင် ကွတ်ခိုင်မရောက်ခင် မဘိန်းလောက်ဆိုရင် ကျွန်တော်တို့ စစ်ဆေးရေး စခန်းအနေနဲ့ လက်လှမ်းမမှီတော့ပါဘူး။ လုံခြံုရေးအရရော၊ တခြားအခြေအနေအရတွေရော သွားဖို့လာဖို့ အဆင်မပြေဘူး။ ဒီတော့ အဲ့ဒီလို နေရာမျိုးတွေမှာ ဒါမှမဟုတ်ရင်လည်း ဒီနားပတ်ဝန်းကျင်မှာရှိတဲ့ ရွာလေးတွေက လမ်းကြားတွေမှာ ကျွန်တော်တို့ကို စောင့်ကြည့်နေတဲ့သူတွေက ကားသမားတွေကို ကားတွေ ထိုးထည့် ရပ်ခိုင်းထားပြီး ကျွန်တော်တို့တွေ နားတဲ့အချိန်မှာ ခေါ်ဖြတ်ခိုင်းတဲ့ ဒီကိစ္စလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒါတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်း ကျွန်တော်တို့ တွေ့ထားပါတယ်ဗျ။ ကျွန်တော်တို့က အမြဲတမ်းမစစ်နိုုင်တဲ့အတွက်ကြောင့် ဒါတွေကို ကုစားနိုင်မယ့် နည်းလမ်းကို ကျွန်တော်တို့ စီစဉ်နေပါပြီ။ ဒါကတော့ပြောလို့ မရသေးဘူးပေါ့။ တရားမဝင် ကုန်စည်တွေဖမ်းနေတာဆိုတော့ တစ်စုံတရာ အနှောင့်အယှက် ဖြစ်သွားနိုင်တယ်လေ။

မေး။ ။ဟုတ်ကဲ့ နားလည်ပါတယ်ဆရာ။ ဆရာတို့အနေနဲ့ ခုလိုတရားမဝင် အခွန်မဲ့တွေကို ဖမ်းဆီးနေတာ ၂ လကျော်ပြီးဆိုတော့ ဒီအထဲမှာ ကြီးကြီးမားမား ဖမ်းဆီးမိတာရော ရှိလား။ မှတ်မှတ်ရရမိထားတာ ပြောပေးပါဦး ခင်ဗျာ။

ဖြေ။ ။ ကြီးကြီးမားမားဖမ်းမိတာတွေကတော့ မနေ့က (မတ် ၂၁) မိတဲ့ ၁၂ ဘီးကားအပြည့် အခွန်မဆောင်တဲ့ ဆိုင်ကယ်ပစ္စည်းတွေရယ် အခုစစ်တောင်မစစ်နိုင်သေးပါဘူး။ သွားအပ်ထားတုန်း ရှိသေးတယ်။ လျှပ်စစ်ပစ္စည်း တွေရယ်၊ ပန်ကာ၊ နောက် ဖုန်းအပိုပစ္စည်းတွေပါတယ်။ အကြမ်းဖျင်း သိရတာပေါ့။ ၁၂ ဘီးကားဆိုတော့ အစ်ကိုတို့ ဖောက်ပြီးစစ်ဖို့ အခက်အခဲလေးတွေရှိတာပေါ့။ နောက်တစ်ခါ ကျောက်စိမ်း သုံးတန်တစ်တုံး၊ လေးတန် တစ်တုံး၊ နောက် လိုင်စင်မရှိတဲ့ လင့်ခရူဆာ သုံးစီး၊ လေးစီး ကျောက်စိမ်းအပြည့်မိတာတွေ ရှိတယ်။ အဲ့ဒါတွေကတော့ တန်ဖိုးနည်းနည်း များပြီးတော့ ထုလည်းကြီးတယ်။ နောက်တစ်ခါ ကားတစ်စီးတည်းနဲ့ ၁၂ တန် သစ်တွေ၊ နောက် ၄ တန်ကျော်လောက် သစ်တွေ ဒါတွေကတော့ နည်းနည်းကြီးကြီးမားမား ဖမ်းမိတာတွေပေါ့။

မေး။ ။ ဆရာတို့အနေနဲ့လေ ဒီမှာ တာဝန်ထမ်းဆောင်ရတာ လိုအပ်ချက်တွေတော့ ရှိမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုရင် တရားမဝင်ကုန်စည်တွေ၊ အခွန်မဲ့တွေဖမ်းရတာဆိုတော့ တောင်းဆိုမယ်ဆိုရင် ဘာတွေတောင်းဆိုချင်လဲခင်ဗျာ။

ဖြေ။ ။ ဒါတွေနဲ့ ပတ်သက်ပြီး ကိုယ်တို့ဝန်ကြီးဌာနကလည်း ပံ့ပိုးပေးဖို့ရှိပါတယ်။ ဒါကြတော့လည်း သူတို့က ဝန်ထမ်း ဖြစ်တဲ့အခါကြတော့ ဘတ်ဂျက်အနေနဲ့ သွားကြတော့လေ။ X – ray စက်တွေတပ်ဆင်ပေးမယ်ဆိုရင်တော့ ဒီထက်ပိုပြီး လျင်မြန်ထိရောက်တာပေါ့လေ။ X – ray စက်တွေကျတော့ ကားပေါ်မှာ ဖရဲသီးရဲ့ သိပ်သည်းဆနဲ့ သစ်တို့၊ ကျောက်စိမ်းတို့ရဲ့သိပ်သည်းဆက မတူတဲ့ အခါကျတော့ ထိထိရောက်ရောက်တားဆီးနိုင်တဲ့ အနေအထားမျိုးလေးဖြစ်မယ်။ နောက်ထပ် ဒီထက်ပိုပြီးတော့ ဒေသတည်ငြိမ်အေးချမ်းမှုရှိတယ်ဆိုရင်တော့ ကိုယ်တို့ ပိုပြီးတော့ တရားမဝင်မှောင်ခိုတွေကို ဖိဖိစီးစီးနဲ့ တားဆီးနိုင်မယ်။ ကိုယ်တို့နေရာမှာကော၊ ၁ဝ၅ မိုင်မှာကော ရှောင်ကွင်းလမ်းတွေ အများကြီးရှိနေတဲ့အတွက် တည်ငြိမ်မှုရှိတယ်ဆိုရင်တော့ ပိုပြီးတော့ တားဆီးတာတွေ လုပ်နိုင်မှာပါ။

မေး။ ။ X – ray စက်နဲ့ ဘယ်လိုစစ်ဆေးတာလဲဆိုတာ ရှင်းပြလို့ ရမလားခင်ဗျာ။

ဖြေ။ ။ X – ray ဆိုတာက ဒီလိုပါ။ တစ်နေ့ကို ဒီလမ်းကြောင်းမှာ အကြမ်းအားဖြင့်ဆိုရင် ကားအစီးက ၅ဝဝဝ နဲ့ ၆ဝဝဝ ကြားမှာ ဖြတ်သန်းသွားလာနေတာပေါ့။ ဒီလိုဖြတ်သန်းနေတော့ ဒီနေရာမှာ X – ray စက်တွေကို တပ်လိုက်တယ်ဆိုရင်တော့ ပြောင်းအိတ်ကားတစ်စီးကို ဖောက်ချဖို့၊ ဆူးထိုးစစ်ဆေးဖို့၊ နောက် ဖရဲကားတစ်စီးကို အိတ်တွေချဖို့ဆိုတာ သူတို့ရဲ့ သီးနှံတွေလည်း ထိခိုက်နိုင်တယ်။ စက်လေးတပ်လိုက်တယ်ဆိုရင်တော့ စက္ကန့်ပိုင်းအတွင်း၊ မိနစ်ပိုင်းအတွင်းမှာ သိနိုင်တာပေါ့။ နိုင်ငံတကာမှာလည်း ဒီလိုတွေ စစ်ဆေးနေတာလေ။ ဖရဲကားတစ်စီးမှာ ဖရဲအပြင် တစ်ခြားဘာတွေ ပါလာလဲ။ ကျောက်တွေ၊ သစ်တွေပါလား။ ချက်ချင်းမိနစ်ပိုင်းအတွင်း ကြည့်လို့ရတာပေါ့။ ဒါကြောင့် လိုအပ်တာပါ။

မေး။ ။ ဟုတ်ကဲ့ပါ။ ဆရာတို့ ဒီလို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တရားမဝင်တာတွေ ဖမ်းဆီးတာတွေနေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ဒီအပေါ်မှာလည်း ဆရာအမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ ကိုယ်တို့အဖွဲ့ ခေါင်းဆောင်အနေနဲ့ မဟုတ်ဘဲနဲ့ ကိုယ်တစ်ယောက်တည်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ်တို့တွေ လုပ်နေတဲ့ အနေအထားထက် ထုထည်ကြီးမားတဲ့ တရား မဝင်မှောင်ခို သွားလာမှုတွေက များနေတယ်လို့ သုံးသပ်မိပါတယ်။ နံပတ်တစ်က ကိုယ်တို့ နိုင်ငံထဲကိုဝင်နေတဲ့ စားသုံးဖို့မသင့်တဲ့ တရားမဝင်ကုန်စည်တွေကို တားဆီးပိတ်ပင်ဖို့ တစ်ချက်ရှိပါတယ်။ နောက်တစ်ခါ ကိုယ့်နိုင်ငံက ထွက်သွားတဲ့ သဘာဝသစ်တောထွက်ပစ္စည်းတွေ၊ တွင်းထွက်ပစ္စည်းတွေ ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ ခုလိုဖမ်းဆီးနေတာတွေက ပြည်သူလူထုကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိပါ ဘူး။ ကိုယ်တို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာလည်း ဝိုင်းဝန်းတိုက်ခိုက်ကြတာတွေ ရှိပါတယ်။ တစ်ခါတလေ စိတ်မကောင်းလည်း ဖြစ်ရတယ်။ ကိုယ်တို့ ရည်ရွယ်ချက်က ဒီလိုမဟုတ်ဘူး။ ယာဉ်လမ်းကြောင်းလည်း မပိတ်ရအောင် ပြည်သူလူထုအတွက်လည်း ပုံမှန်သွားလာနေရမယ်။ ဒီလို ရည်ရွယ်ချက်အတိုင်း သွားနေ တာဖြစ်တဲ့ အတွက် တဖြည်းဖြည်းတော့သိလာမှာပါ။ တားဆီးဖမ်းဆီးမှုတွေကလည်း ကိုယ်တို့နိုင်တဲ့ အင်အားနဲ့ ရသလောက် သတင်းထောက်ပြီးတော့ လုပ်နေပါတယ်။ နောက်တစ်ခါ ကိုယ်တို့ သတင်းကွန်ရက်တည်ဆောက်ထားတာဖြစ်တဲ့အတွက် အလွှာပေါင်းစုံက သတင်းပေးတဲ့ အဖွဲ့တွေလည်းရှိတော့ ပိုပြီးတော့ ထိထိရောက်ရောက်လေး လုပ်လာနိုင်တယ်ပေါ့။ ဒီထက်ပိုပြီးတော့လည်း အောင်မြင်အောင် လုပ်မှာပါ ။ ဒါလေးပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါခင်ဗျာ။ ဒီလိုဆရာတို့ တာဝန်ကို ထမ်းဆောင်နေတဲ့အခါ လာဘ်စားမှုမရှိအောင်ရော ဘယ်လိုတွေ လုပ်ဆောင်နေပါသလဲ။

ကိုယ်တို့ဝန်ထမ်းများရဲ့ တရားမဝင် အားနည်းချက် အဂတိလိုက်စားမှုမဖြစ်ဖို့အတွက်လည်း ဒီနေရာမှာ ကိုယ်တို့ ရွေးထုတ်စစ်ဆေးခြင်းစနစ်က အသုံးဝင်တာတွေ့ရတယ်။ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘာကို စစ်မယ်ဆိုတဲ့ ဆုံးဖြတ်တဲ့သူက အရေးကြီးတဲ့အတွက် ဘယ်သူမှ မဆုံးဖြတ်ရပါဘူး။ ဒီမှာရှိတဲ့ အဖွဲ့ တစ်၊ နှစ် မှာပါတဲ့ ခေါင်းဆောင်တွေ အကုန်လုံး စုစည်းပြီးတော့ ဆုံဖြတ်ချက်ချတာပါ။ ဒါတွေနဲ့ အမှားအယွင်းမရှိအောင်၊ လာဘ်စားမှု မရှိအောင် ထိန်းချုပ်ထားပါတယ်။ နိုုင်ငံတော်ကလည်း ဝန်ထမ်းတစ်ဦးစီကို တစ်ရက် ကျပ် ၅၀၀၀ ထောက်ပ့ံပေးထားတာရှိပါတယ်။ နောက်ပြီး တားဆီးဖမ်းမိလို့ရလာတဲ့ နိုင်ငံတော် အခွန်သွင်းရတဲ့ ငါးဆယ် ရာခိုင်နှုန်းကို ကိုယ်တို့ကို ချပေးမှာ ဖြစ်တဲ့အတွက် ဒီမှာ အဂတိလိုက်စားမှုမရှိအောင်၊ လာဘ်စားမှုမရှိအောင် ပညာပေးတဲ့ အပိုင်းတွေ၊ နားလည်မှုရှိအောင် ရှင်းပြတဲ့အပိုင်းတွေ ရှိပါတယ်။ ကိုယ်တို့က စားရိပ်သာလေး လုပ်ထားတဲ့အခါကျတော့ စားရိပ်သာမှာက တစ်နေ့ ငါးသောင်းပဲ ကျပြီးတော့ ကောင်းကောင်းလည်း စားရတာပေါ့။ ဒါကြောင့် ဒါတွေနဲ့ နေ့စဉ် လောက်ငှမှု ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ တစ်ချို့က ပြောကြတာရှိပါတယ်။ သူတို့က နေ့စဉ်ကြေးလည်း ရတယ်။ နောက်တစ်ခါ ဒီမှာ ရတဲ့ ဆုကြေးရဲ့ ၅ဝ ရာခိုင်နှုန်းကလည်း သူတို့ရတယ်လို့ပြောကြတာတွေ၊ ဝေဖန်တာတွေရှိတယ်။ ဒါတွေက တရားမဝင်ကုန်စည်ဖြတ်နေတဲ့ အချိန်ပဲရမှာလေ။ တရားမဝင်ကုန်စည်မဖြတ်ဘူးဆိုရင် ဆုကြေးဆိုတာလည်း မရှိဘူး။ တားဆီးဖမ်းဆီးမှုဆိုတာလည်း မရှိဘူး။ တဖြည်းဖြည်းတော့ ကိုယ်တို့စစ်တဲ့ ကားတွေကတော့ ရောက်ခါစကတော့ ၁၂ ဘီးကား၊ ၁ဝ ဘီးကားတွေ ရ၅ ရာခိုင်နှုန်းက ဒီအတိုင်းသွားနေတာ တွေ့ရတယ်။ ၁ဝ စီးစစ်ရင် ၁ဝစီးစလုံး တရားဝင်လိုင်စင် ဖွင့်ပြီးတော့ အခွန်ဆောင်ပြီးသွားနေတာ တွေ့ရတယ်။ တချို့တပိုင်တနိုင်သွားနေတဲ့ စီးပွားဖြစ်မဟုတ်တဲ့ ကားတွေကိုတော့ ကိုယ်တို့ ကင်းလွတ်ခွင့်ပေးထားတာတွေ ရှိပါတယ်။ ဒေသခံတွေပေါ့။ အဝတ်ထည်တစ်ထည် နှစ်ထည်တွေ၊ ဆိုင်ကယ်စီးသွားတာတွေပေါ့။ အခုချိန်မှာတော့ ကိုယ်တို့ ဒီလောက်ထိမလုပ်နိုင်သေးပါဘူး။ လုပ်ဖို့လည်း အခုလောလောဆယ်အခြေအနေမှာ မဖြစ်သေးဘူးပေါ့နော်။ တကယ်စီးပွားဖြစ်ကြီး ဖြစ်ပြီးတော့ တစ်ယောက်က အခွန်ဆောင်၊ တစ်ယောက်က အခွန်မဆောင်တဲ့ သူတွေကို ကိုယ်တို့က တန်းညှိပေးတဲ့ သဘောပေါ့။ ညှိနှိုင်းပြီးတော့ ညီမျှမှုရှိအောင် လုပ်ပေးတဲ့ သဘောပဲရှိ ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါဆရာ။ နောက်ဆုံးမေးခွန်းအနေနဲ့ ဆရာတို့ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက ဘယ်နေရာ မှာရှိတာလဲဆိုတာရယ်၊ ဆရာတို့ဖွဲ့စည်းထားတဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့( ၁၂ ) ဖွဲ့ကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့။ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ လားရှိုးက နေဆို ၂၅ မိုင်လောက်ရှိတယ်ဗျ။ နောက်တစ်ခါ သိန္နိကိုဆိုရင် ဒီနေရာကနေဆိုရင်တော့ ၆ မိုင်ရှိပါတယ်။ ကိုယ်တို့ အကောက်ခွန်ကတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးလက်အောက်ကပါ ။ ဒီမှာရှိတဲ့ ပူးပေါင်းအဖွဲ့မှာ အဖွဲ့ ၁၂ ဖွဲ့ပါပါတယ်။ အကုန်လုံး သူဥပဒေနဲ့ သူလုပ်ရပါတယ်။ တစ်ဦးနဲ့ တစ်ဦး လွှမ်းမိုးလို့မရပါဘူး။ ပါဝင်တဲ့ ၁၂ ဖွဲ့က အကောက်ခွန်၊ စီးပွားကူးသန်း(ကုန်သွယ်ရေး) ပေါ့၊ လ.ဝ.က၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ယာဉ်ထိန်း၊ မူးယစ်အထူး၊ သစ်တော၊ ကုန်သည်ကြီးများအသင်း၊ သတင်းမီဒီယာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ က.ည.န ဆိုပြီး အဖွဲ့ ၁၂ ဖွဲ့ပါဝင်ဖွဲ့စည်းထားတာ ဖြစ်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly