တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့သည့် ဘဏ်အကောင့်အား တရုတ်ဘဏ် ပိတ်ပစ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့သည့် ဘဏ်အကောင့်အား တရုတ်ဘဏ် ပိတ်ပစ်
ရှန်ဟိုင်းတွင်ရှိသော တရုတ်စိုက်ပျိုးရေးဘဏ်ရုံးချုပ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ- AFP

ရန်ကုန်၊ မတ် ၂၂ ။              ။ တရုတ်နိုင်ငံပိုင် အကြီးဆုံးဘဏ်တစ်ခုဖြစ်သည့် တရုတ်စိုက်ပျိုးရေးဘဏ်က မြန်မာအစိုးရတပ်များနှင့် တိုက်ခိုက်နေသည့် ကိုးကန့်လက်နက်ကိုင်တပ်များအတွက် ရန်ပုံငွေထောက်ပံ့နေသည့် ဘဏ်အကောင့်တစ်ခုကို စာရင်းပိတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “နှစ်နိုင်ငံကြားမှာ အဆင့်လိုက်ပူးပေါင်း ဆောင်ရွက်မှုတွေတော့ ရှိပါတယ်” ဟု ပြောဆိုခဲ့ပြီး အသေးစိတ်ကို ပြောဆိုခဲ့ခြင်း မရှိပေ။

ပေကျင်းနှင့် မြန်မာနိုင်ငံကြား သံတမန်တင်းမာမှု ဖြစ်စေနိုင်ခြင်းကြောင့် တရုတ်စိုက်ပျိုးရေးဘဏ်က ယခုကဲ့သို့ အကောင့်စာရင်းပိတ်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံပိုင်ဘဏ်မှ စာရင်းပိတ်ခြင်းခံလိုက်ရသည့်အဖွဲ့မှာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ခေါ်) ကိုးကန့်အဖွဲ့ဖြစ်ပြီး ၎င်းသည် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှတစ်ဖွဲ့အပါအဝင်ဖြစ်ကာ မတ်လ ၆ ရက်နေ့က လောက်ကိုင်မြို့သို့ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့လည်းဖြစ်သည်။

အဆိုပါ ဘဏ်စာရင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံထဲမှ ကိုးကန့်လူမျိုးများမှ လူမျိုးချင်း စာနာပေးအပ်ခြင်းများ ဖြစ်နိုင်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က မဇ္ဈိမ သို့ ပြောသည်။

 “ တရုတ်နိုင်ငံထဲမှာရှိတဲ့ ကိုးကန့်လူမျိုးတွေရှိတယ်၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ ကိုးကန့်တွေရှိတယ်။ သူတို့က အဲ့လိုညီအစ်ကိုတွေအချင်းချင်းကနေပြီးတော့ စာနာပေးတဲ့၊အချင်းချင်းစာနေပေးကြတာတွေ ရှိပါတယ်။ ဆိုတော့ အဲ့တာမျိုးတွေတော့ ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးတော့ မကြားမိပါဘူး”ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က ပြောသည်။

အဆိုပါသတင်းတွင် ၎င်းတို့အား ငွေကြေးလှုဒါန်း ထည့်သွင်းပေးနေသည့် ဘဏ်အကောင့်တစ်ခုကို တရုတ်စိုက်ပျိုးရေးဘဏ်က ပိတ်လိုက်ကြောင်း ကိုးကန့်တပ်ဘက်မှ ရိုက်တာသတင်းဌာနကို အတည်ပြုထားသည်။

“ဘဏ်ကနေ လှမ်းအကြောင်းကြားတယ်။ လုပ်ထုံးလုပ်နည်းတစ်ချို့ အပြီးသတ်လုပ်ဆောင်ရဦးမယ် လို့လည်း ဆိုတယ်။ ခုလို ဘဏ်အကောင့်ကို ဘယ်အချိန်ထိ ပိတ်မလဲဆိုတာတော့ မပြောသွားခဲ့ဘူး” ဟု ၎င်း ကိုးကန့်ဘက်မှ တာဝန်ရှိသူက ပြောဆိုထားသည်။

MNDAA တပ်အတွက် အလှူငွေများ ကြီးကြပ်ဆောင်ရွက်ရသူ ကိုယ်စားလှယ် Yan Zhen Kun ဆိုသူကို ဘဏ်မှ အကောင့် ပိတ်လိုက်ကြောင်းကို ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေတွင် လှမ်းအကြောင်းကြားခြင်း ဖြစ်သည်။

MNDAA ၀က်ဘ်ဆိုက်၏ မှတ်တမ်းအရ MNDAA သည် အလှုငွေစတင်ကောက်ခံပြီးနောက်ပိုင်း နှစ်နှစ်နီးပါးအတွင်း အမေရိကန်ဒေါ်လာ သန်းတစ်ဝက်ကျော်နီးပါး စုဆောင်းလက်ခံရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ မဇ္စျိမမှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly