ဂေဂေးရဲ့ ဒုတိယစီးရီး ရင်ခုန်လို့မှ ဟုတ်ရဲ့လား ဖြန့်ချိတော့မည်

ဂေဂေးရဲ့ ဒုတိယစီးရီး ရင်ခုန်လို့မှ ဟုတ်ရဲ့လား ဖြန့်ချိတော့မည်

ရန်ကုန်၊ မတ် ၂၂ ။           ။ တေးသံရှင်ဂေဂေး၏ ဒုတိယမြောက် တေးစီးရီး “ရင်ခုန်လို့မှ ဟုတ်ရဲ့လား” အယ်ဘမ်ကို M United Entertainment မှ မတ်လ (၂၅) ရက်တွင် တစ်နိုင်ငံလုံးသို့ ဖြန့်ချိမည်ဖြစ်သည်။

အဆိုပါအခွေတွင် သီချင်းပုဒ်ရေပေါင်း (၁၂) ပုဒ်ပါဝင်ပြီး အဆွေး၊ အမြူးပုံစံ၊ POP သီချင်းပုံစံများနှင့် သူမစိတ်ကြိုက် တေးသီချင်းများပါဝင်ကြောင်း တေးသံရှင် ဂေဂေးကပြောသည်။

Featuring အနေဖြင့် ဟဲလေး၊ ဖြိုးပြည့်စုံနှင့် Jewel တို့က ပါဝင်အားဖြည့်ထားသည်။

အခွေထွက်ရှိခြင်းနှင့် ပတ်သက်၍ တေးသံရှင်ဂေဂေးက “ပထမအခွေလုပ်ပြီးတော့ MTV လေးလည်း မရိုက်ဖြစ်ခဲ့ဘူးပေါ့နော်။ မရိုက်ဖြစ်တဲ့အခါကျတော့ ဒုတိယအခွေအနေနဲ့ သီချင်းခွေလေး ထပ်ထုတ်မယ်ဆိုပြီးတော့ လုပ်ရင်းနဲ့ M United Entertainment ကအစ်မတွေနဲ့ ချိတ်မိပြီးတော့ အစ်မတွေနဲ့ အတူတူပူးပေါင်းပြီးတော့ လုပ်ခဲ့လိုက်တာပါရှင့်။ ဒီအခွေလေးအတွက် သီချင်းတွေလည်း အားလုံးဆုံပြီးတော့ ရှာလိုက်တယ်ပေါ့နော်။ သီချင်းအသစ်တွေလည်းပါတယ်။ အရင်တုန်းက သီချင်းအဟောင်းတွေလည်း အများကြီးပါပါတယ်ရှင့်။” ဟု ပြောသည်။

အဆိုပါအခွေတွင် တေးရေး စိုးလင်း၏ အောင်မြင်ကျော်ကြားခဲ့သည့် တေးသီချင်းဟောင်း သုံးပုဒ်လည်း ပါဝင်သည်။

“ပထမခွေနဲ့ ဒီခွေကတော့ နည်းနည်းလေးကြာသွားတယ်ပေါ့နော်။ ဒီအခွေလေးမှာတော့ ကျွန်တော် နားထောင်မိသလောက် သီချင်းလေးတွေကတော့ ပထမအခွေထက်စာရင် အမျိုးအစားလေးတွေ စုံလာတာကို တွေ့ရပါတယ်။ ပထမအခွေမှာဆို အနှေးများတယ်။ ဒီမှာတော့ အမြူးလေးတွေလည်း ပါတယ်ပေါ့။ ဒီအခွေလေးက ရသလည်း နည်းနည်း စုံတယ်လို့ ပြောချင်ပါတယ်။” ဟု တေးရေးစိုးလင်းက ပြောသည်။

ယခုထွက်ရှိသည့် အခွေအတွက် တစ်နှစ်တာ အချိန်ယူခဲ့ရကြောင်း သိရသည်။ တေးသံရှင် ဂေဂေးက ၂၀၁၅ ခုနှစ်တွင် “နင်သာရှိရင်” အမည်ရှိ တေးစီးရီးကို ပထမဆုံးအကြိမ်ထွက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly