ဖြုတ်ချခံရသည့် အာဏာရှင်ဟောင်း ကဒါဖီ၏သားကို လစ်ဗျားတရားရုံးတစ်ခုက စစ်ရာဇဝတ်မှုများဖြင့် သေဒဏ်ချမှတ်

ဖြုတ်ချခံရသည့် အာဏာရှင်ဟောင်း ကဒါဖီ၏သားကို လစ်ဗျားတရားရုံးတစ်ခုက စစ်ရာဇဝတ်မှုများဖြင့် သေဒဏ်ချမှတ်

ထရီပိုလီ၊ ဇူလိုင်-၂၈ ။     ။ လစ်ဗျားနိုင်ငံ တရားရုံးတစ်ခုက ဗိုလ်မှူးကြီးကဒါဖီ၏ သားဖြစ်သူ ဆိတ် အယ်လ် အစ္စလာမ်နှင့် အခြား၈ဦးကို ၂၀၁၁ခုနှစ် တော်လှန်ရေးနှင့် ဆက်နွယ်သည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့်အတွက် သေဒဏ်ချမှတ်လိုက်သည်ဟု ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တော်လှန်ပုန်ကန်မှုအတွင်း ဆန့်ကျင်ဆန္ဒပြမှုများကို ဖိနှိပ်ဖြိုခွင်းခဲ့သည့် စွဲချက်ဖြင့် ဖြုတ်ချခံရသည့် ခေါင်းဆောင် မူအမ္မာ ကဒါဖီ၏ နီးစပ်သည့်အပေါင်းအပါ ၃၀ကျော်ကိုလည်း ရုံးတင်စစ်ဆေးခဲ့သည်။ ဆိတ် အယ်လ် အစ္စလာမ်မှာ အမှုကြားနာစဉ်တွင် တရားခွင်တွင် ရှိမနေဘဲ ဗွီဒီယိုမှတစ်ဆင့်သာ သက်သေခံထွက်ဆိုခဲ့သည်။

ဆိတ် အယ်လ် အစ္စလာမ်ကို ဇင်တန်မြို့မှ ယခင်သူပုန်အုပ်စုဟောင်းတစ်ခုက ထိန်းသိမ်းထားပြီး ထိုအဖွဲ့က လွှဲပြောင်းပေးရန် ငြင်းဆန်နေသည်။ သေဒဏ်ပြစ်ဒဏ်ကို ရင်ဆိုင်နေရသူများထဲတွင် ကဒါဖီအစိုးရလက်ထက်တွင် ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အဗ္ဗဒူလာ အယ် ဆီနုဆီနှင့် ဝန်ကြီးချုပ်ဟောင်း ဘက်ဒါဒီ အယ် မာမိုဒီတို့လည်း ပါဝင်နေသည်။

ဆိတ် အယ်လ် အစ္စလာမ်မှာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု စွဲချက်များဖြင့် နိုင်ငံတကာ ရာဇဝတ်မှုရုံး (International Criminal Court)မှ အလိုရှိနေသူဖြစ်သည်။  

အစိုးရရှေ့နေများ၏ပြောကြားချက်အရ ဆိတ် အယ်လ် အစ္စလာမ်မှာ ကဒါဖီအစိုးရကို ဆန့်ကျင်သည့် အရပ်သားဆန္ဒပြသူများအား နည်းမျိုးစုံဖြင့်နှိမ်နင်းသည့် ဖခင်၏ စီမံကိန်းများတွင် တစ်ခန်းတစ်ကဏ္ဍ ပါဝင်ခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် လစ်ဗျားမြျိ့တော် ထရီပိုလီတွင်ရောက်ရှိနေသည့် ဘီဘီစီသတင်းထောက်၏ ပြောကြားချက်အရ ဆိတ် အယ်လ် အစ္စလာမ်ကို သေဒဏ်အတွက် အယူခံခွင့်ပေးမည်ဟု ဆိုသည်။ ယမန်နှစ်က စတင်ဖွင့်လှစ်ခဲ့သည့် တရားခွင်မှာ လူ့အခွင့်အရေးအေဂျင်စီများ၏ ဝေဖန်မှုကို ခံနေရသည်။ အခြားတရားခံများမှာလည်း ထောင် ၅နှစ်မှ တစ်သက်တစ်ကျွန်းအထိ အသီးသီး ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့မှာ ကဒါဖီကို ဖြုတ်ချနိုင်ခဲ့သည့် ပုန်ကန်ထကြွမှုအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် အလွဲသုံးစားပြုမှု စွဲချက်များကို ရင်ဆိုင်ခဲ့ကြရသည်ဟု ဆိုသည်။

ကဒါဖီကို ဖြုတ်ချဖယ်ရှားပြီးကတည်းက လစ်ဗျားနိုင်ငံတစ်ဝန်းလုံးတွင် တည်ငြိမ်သည်ဟူ၍ မရှိခဲ့သည့်အပြင် လက်ရှိအချိန်အထိ တစ်ခုတည်းသောအစိုးရကို မထူထောင်နိုင်သောကြောင့် တစ်ခုက တိုဘရက်နှင့် တစ်ခုက ထရီပိုလီတွင် အခြေစိုက်သည့် ပြိုင်ဘက်ဂိုဏ်းနှစ်ခုကသာ နိုင်ငံကို အလုအယက် အပြိုင်အဆိုင် အုပ်ချုပ်လာနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly