ဖြူဖြူကျော်သိန်းရဲ့ April fool Mini Album နှစ်သစ်ကူးလက်ဆောင်အဖြစ် MRTV-4၌ ထုတ်လွှင့်မည်

ဖြူဖြူကျော်သိန်းရဲ့ April fool Mini Album နှစ်သစ်ကူးလက်ဆောင်အဖြစ် MRTV-4၌ ထုတ်လွှင့်မည်

ရန်ကုန်၊ မတ် ၂၂ ။           ။ အဆိုတော် ဖြူဖြူကျော်သိန်း၏ April fool ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် Mini Album DVD ကို မတ်လ ၂၅ရက်တွင် Bo Bo Music Production မှ ဖြန့်ချိသွားမည်ဖြစ်သည်။

အဆိုပါ April fool Mini Album သည် အဆိုတော် ဖြူဖြူကျော်သိန်း၏ ခြောက်ခွေမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ဖြစ်ပြီး Audio CDကို ၂၀၁၆ ခုနှစ် ဧပြီ ၁ရက်က ထွက်ရှိပြီးဖြစ်သည်။

ယခုထွက်ရှိမည့် DVDခွေကို သင်္ကြန် နှစ်သစ်ကူးလက်ဆောင်အဖြစ် ၂၀၁၇၊ ဧပြီ ၁ရက်မှ စတင်ပြီး MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်း (Free Channel)များတွင် ထုတ်လွှင့်ပြသရန်လည်း စီစဉ်ထားသည်။

ထို Mini Albumတွင် တေးသီချင်း စုစုပေါင်း ၄ပုဒ်ထဲသာ ပါဝင်ပြီး တေးသီချင်း အားလုံးသည် (EDM– Electronic Dance Music) များဖြစ်ကာ ထိုတေးသီချင်း ၄ပုဒ်ကို ဖိလစ်ပိုင် နိုင်ငံသား ဒါရိုက်တာ MilosCurameng က ရိုက်ကူးပေးထားသည်။

ဖြူဖြူကျော်သိန်းက “ဒီအခွေလေးကို ဧပြီ ၁ရက်မှ ထွက်ဖို့ လုပ်ထားပေမယ့် မတ်လ ၂၅ရက်မှာ ဖြန့်ချိပေးဖို့ စီစဉ်ထားပါတယ်။ ဖြူဖြူ့ အတွက် ဒီအခွေလေးက ပထမဆုံး နိုင်ငံခြား ဒါရိုက်တာ တစ်ယောက်နဲ့ တစ်ခွေလုံး ရိုက်ကူးတဲ့အခွေလည်းဖြစ်ပါတယ်” ဟု ပြောသည်။

တေးအယ်ဘမ်တွင် ပါဝင်သည့် တေးသီချင်းများမှာ April Fool ၊ Let u go၊ Sorry Girl ၊ No More စသည့် တေးသီချင်းများ ဖြစ်ပြီး  တေးရေးအဖြစ် စိမ့် နှင့် သိန်းလင်းစိုးတို့ နှစ်ဦးမှ   ရေးသား ပေးထားကာ မျိုးဇော်ထက်၊ ချမ်းအေးဝင်း၊ DJ ဝိုင်း နှင့် သားသားတို့မှ တီးခတ်ပေးထားသည်။

အဆိုတော် ဖြူဖြူကျော်သိန်းသည် မတ်လတွင် ကိုရီးယားနိုင်ငံတွင် ပြသနေသည့် SBS Plus ရုပ်သံလိုင်း၌ အင်္ဂါနေ့ ညတိုင်း တိုက်ရိုက် ထုတ်လွှင့်ပြသနေသည့် TheShow အစီအစဉ်တွင် ဧည့်သည် တေးသံရှင်အဖြစ် ပါဝင်တင်ဆက်ခဲ့ပြီး ဖို့ဖိတ်ကြားခံရတဲ့အတွက် မတ်လထဲတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး "ချယ်ရီလမ်း" တေးသီချင်း နှင့် "My Destiny" သီချင်းကို ကိုရီးယားဘာသာဖြင့် သီဆိုဖျော်ဖြေခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly