ဇူလိုင်လမတိုင်ခင် ဒူဘိုင်းမှာ မောင်းသူမဲ့ အငှားလေယာဉ်ငယ်လေးတွေ စတင်ပျံသန်းပြေးဆွဲဖို့ စီစဉ်

ဇူလိုင်လမတိုင်ခင် ဒူဘိုင်းမှာ မောင်းသူမဲ့ အငှားလေယာဉ်ငယ်လေးတွေ စတင်ပျံသန်းပြေးဆွဲဖို့ စီစဉ်

မတ် ၂၂ ။            ။ ယူအေးအီးရဲ့ ဒူဘိုင်းမြို့မှာတော့ မကြာခင်ကာလအတွင်း မောင်းသူမဲ့ အငှားလေယာဉ်ငယ်လေးတွေကို စတင်ပျံသန်းပေးဖို့ စီစဉ်စမ်းသပ် နေတယ်လို့ ပို့ဆောင်ရေးအာဏာပိုင်တွေက ပြောပါတယ်။

ဇူလိုင်လမတိုင်ခင် လေပေါ်ပျံ ယာဉ်ငယ်လေးတွေကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ယခုအခါ လူတစ်ဦးသာ လိုက်ပါနိုင်မယ့် ယင်းလျှပ်စစ်ယာဉ်တွေ စမ်းသပ်မှုကို လုပ်ဆောင်နေတယ်လို့ သိရပြီး ဒူဘိုင်းအာဏာပိုင်တွေအနေနဲ့ လာမယ့် ၂၀၃၀ မတိုင်ခင် ယင်းရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ လေးပုံပုံ တစ်ပုံလောက်ကို မောင်းသူမဲ့စနစ်ဖြစ်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ် ဒရုန်းထုတ်ကုမ္ပဏီ EHang က ထုတ်လုပ်ပေးလိုက်တဲ့ ယင်း EHang 184 လေယာဉ်ငယ်လေးဟာ တစ်နာရီကို ကီလိုမီတာ ၁၀၀ (တစ်နာရီမိုင်၆၀) နှုန်းနဲ့ ပျံသန်းသွားလာနိုင်မှာဖြစ်ပြီး မြေမျက်နှာအမြင့် ပေ ၁,၀၀၀ လောက်မှာ ပျံသန်းနိုင်မယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

လိုက်ပါမယ့် ခရီးသည်အနေနဲ့ ယင်းအလိုအလျောက် ယာဉ်ပေါ်မှာ ကိုယ်သွားလိုတဲ့ နေရာတစ်ခုကိုပဲ ရွေးချယ်လိုက်ရုံပဲ သိရပါတယ်။ ယင်းနောက် လေယာဉ်ငယ်လေးဟာ ခရီးသည် ရွေးချယ်ထားတဲ့ နေရာကို အလိုအလျောက် ပျံသန်းပို့ဆောင်ပေးမှာဖြစ်ပြီး အောက်မှာတော့ မြေပြင်ထိန်းချုပ်ရေးစင်တာကနေ ယင်းယာဉ်ကို ထိန်းချုပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်ငယ်ကို နှစ်နာရီ တစ်ကြိမ် အားပြန်သွင်းပေးဖို့ လိုပြီး တစ်ခါအားသွင်းပြီးတိုင်း မိနစ် ၃၀ အထိ ပျံသန်းနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags