လာမည့် ခရစ္စမတ်တွင် ထွက်ရှိမည့် All I Want ရုပ်ရှင်အား မာရီယာကာရေး ကြေညာ

လာမည့် ခရစ္စမတ်တွင် ထွက်ရှိမည့် All I Want ရုပ်ရှင်အား မာရီယာကာရေး ကြေညာ

ပရိသတ်များကြား ရေပန်းအစားဆုံး ခရစ္စမတ်သီချင်းဖြစ်သော All I Want For Christmas Is You အား ရုပ်ရှင်အဖြစ် မြင်တွေ့ရတော့မည်ဖြစ်သည်။ အဆိုပါသတင်းအား မာရီယာကာရေးသည် ပရိသတ် ၁၇.၆ သန်း ရှိသော သူမ၏ တွစ်တာမှတဆင့် ကြေညာခဲ့ခြင်း ဖြစ်သည်။

“ကျမရဲ့ သီချင်းကို ရုပ်ရှင်အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အခုလို စိတ်လှုပ်ရှားစရာ ကောင်းတဲ့သတင်း ကို အရင်ဦးဆုံး သိခွင့်ရတာက ရှင်တို့ပဲဖြစ်ပါတယ်” ဟု သူမက တွစ်တာ၌ ရေးသားခဲ့သည်။

အဆိုပါရုပ်ရှင်ကို လာမည့် ခရစ္စမတ် အားလပ်ရက်ကာလအတွင်း ထွက်ရှိနိုင်ရန် စီစဉ်ထားပြီး ရုပ်ရှင်အမည်ကို All I Want ဟု ပေးထားကာ ယူနီဗာဆယ် စတူဒီယိုမှ ထုတ်လုပ်ဖြန့်ချီမည် ဖြစ်သည်။

ထိုရုပ်ရှင်တွင် မာရီယာသည် နောက်ခံစကားပြောအနေနှင့်ရော ထုတ်လုပ်သူအဖြစ်ပါ ပါ၀င်မည်ဖြစ်ပြီး သူမ အလွန် စိတ်လှုပ်ရှားနေကြောင်းကိုလည်း ပြောခဲ့သည်။

“ မျိုးဆက်သစ် မိသားစုတွေအတွက် ကျမသီချင်းရဲ့ ဇာတ်လမ်းလေးအကြောင်း ဆောင်ကြဉ်းပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် ရင်ဖိုစိတ်လှုပ်ရှားမိပါတယ်” ဟု သူမက ပြောခဲ့သည်။

အဆိုပါရုပ်ရှင်၏ ဇာတ်အိမ်ကို သူမ၏ All I Want For Christmas is You စာအုပ်ထဲမှ အတိုင်း ရိုက်ကူးမည် ဖြစ်သည်။ ထိုစာအုပ်ထဲ၌ မာရီယာငယ်စဉ်က အလှမွေးတရိစ္ဆာန်ရောင်းချသည့်ဆိုင်တွင် Princess အမည်ရှိ ခွေးလေးအား တွေ့ခဲ့သည့်အချိန်မှစ၍ ခရစ္စမတ်၌ သူမအလိုရှိဆုံးအရာမှာ ထိုခွေးကလေးပင်ဖြစ်ကြောင်း သိရှိ နားလည်ခဲ့ပုံကို ရေးသားထားသည်။

All I Want for Christmas is You သီချင်းကို လွန်ခဲ့သော ၁၉၉၄ ခုနှစ်က စတင်ဖြန့်ချီခဲ့ပြီး ဆယ်စုနှစ် ၂ခု ကျော် ကြာလာခဲ့သည့်တိုင် ယခုအချိန်ထိ အောင်မြင်နေဆဲဖြစ်သော ခရစ္စမတ်သီချင်းတစ်ပုဒ် ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly