ခင်ဦးမြို့တွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆို

ခင်ဦးမြို့တွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆို

ခင်ဦး၊ မတ် ၂၂ ။               ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့တွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် အဂတိလိုက်စားနေသည့် ဝန်ထမ်းများအရေးယူပေးရေးကို ဒေသခံတောင်သူများက မတ်လ ၂၂ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်မှစတင်၍ တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ခင်ဦးမြို့နယ်၊ မကျည်းအုပ်ကျေးရွာအုပ်စုရှိ သရက်ပင်စုကျေးရွာနှင့် ကျွန်းတောကြီးကျေးရွာတို့မှ ဒေသခံတောင်သူ ၁၀၀ဦးခန့်ပိုင်သည့် လယ်ယာမြေဧက ၁၀၀ကျော်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ် မြေစာရင်းဦးစီးဌာနတို့က ၂၀၀၁ခုနှစ်တွင် သိမ်းယူခဲ့သည်ဟု ဆန္ဒပြသူများက စွပ်စွဲပြောဆိုကြသည်။

ဆန္ဒပြတောင်းဆိုသူများသည် ခင်ဦးမြို့ကျောက်တိုင်ကွင်းမှစတင်၍ ခင်ဦးမြို့ကိုပတ်ကာ "သရက်ပင်စုပိုင်မြေပြန်လည်ရရှိရေး၊ ဒို့အရေး။" "ကျွန်းတောကြီး ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး၊ ဒို့အရေး။" "လယ်ယာမြေနည်းဥပဒေအတိုင်း အမြန်ဆုံးဖြေရှင်းပေးရေး၊ ဒို့အရေး။" "လယ်ယာမြေနည်းဥပဒေကို ချိုးဖောက်သော အုပ်ချုပ်ရေးမှူး၊အလိုမရှိ" စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးတင်အုံးကျော်က "မြေတွေက ဘိုဘွားပိုင်မြေတွေ ဒါကို သူတို့က လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်ပြီးသိမ်းတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေကို ဌားထားတယ်။ တစ်ချို့မြေတွေကို ငါးကန်တူးထားတယ်။ ဒါတွေဖြေရှင်ပေးဖို့ သက်ဆိုင်ရာကိုတိုင်တယ်။ ဘာမှလုပ်မပေးဘူး။ အုပ်ချုပ်ရေးမှူးကလည်း လုပ်မပေးဘူး။ ဒါကြောင့် လမ်းပေါ်ထွက်ဆန္ဒပြတာပဲ။"ဟု ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်သူ ကျွန်းတောကြီးကျေးရွာမှတောင်သူ ဦးတင်မောင်ဝင်းက "ကျွန်တော်တို့မြေတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ မြေစာရင်းတို့က အနိုင်ကျင့်ပြီးသိမ်းခဲ့တယ်။ အဲဒီမြေတွေဟာ ကျွန်တော်တို့ဘိုးဘွားပိုင်မြေပါ။ ဒါကြောင့် မကျေနပ်လို့ ဆန္ဒပြတာပါ။"ဟုပြောသည်။

"ဒီမြေတွေဟာ ဘိုဘွားပိုင်မြေပါ။ မူးမြစ်ရေကျတဲ့အချိန်မှလုပ်စားရတာပါ။ အခုလိုသိမ်းထားတာကို ပြန်လိုချင်ပါတယ်။" ဟုသရက်ပင်ကျေးရွာမှ ကိုဇော်လွင်ဦးကပြောသည်။

ဆန္ဒပြတောင်ဆိုနေသူများက သိမ်းဆည်းခံထားရသည့်မြေများသည် ဘိုးဘွားပိုင်မြေများဖြစ်ကြောင်း အထောက်အထားများရှိသည်ဟု တစ်ညီတညွှတ်တည်း ဆိုကြသည်။

ထိုသို့ ဆန္ဒပြတောင်သူများကပြောဆိုမှုနှင့် ပတ်သက်၍ ခင်ဦးမြို့နယ်မြေစာရင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးက "ဒီမြေတွေက ကျေးရွာပိုင်မြေမဟုတ်ပါဘူး။ အစိုးရစီမံခန့်ခွဲနိုင်တဲ့မြေပါ။ အဲဒီဘက်မှာ ကျွန်တော်တို့က လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ထုတ်ပေးထားတာမရှိပါဘူး။"ဟုပြောသည်။

ခင်ဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက "ကွင်းဆင်းစစ်ဆေးတာတွေလုပ်နေပါတယ်။"ဟုပြောသည်။

ဆန္ဒပြသူများအနေဖြင့် လယ်ယာမြေပြန်လည်ရရှိရေးအတွက် မြို့နယ်မှဖြေရှင်းမပေးပါက ရွှေဘိုမြို့ပေါ်တက်၍ ဆက်လက်ဆန္ဒပြတောင်ဆိုသွားမည်ဟု ဦးဆောင်သူ ဦးတင်အုံးကျော်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly