မူဆယ်လမ်းတွင် ၁၂ ဘီးကားအပြည့် ဆိုင်ကယ်အပိုပစ္စည်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဖမ်းဆီးရမိ

မူဆယ်လမ်းတွင် ၁၂ ဘီးကားအပြည့် ဆိုင်ကယ်အပိုပစ္စည်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဖမ်းဆီးရမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ မတ် ၂၁ ။            ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်တွင် ၁၂ ဘီးကားအပြည့် အခွန်မဲ့ ဆိုင်ကယ်အပိုပစ္စည်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ်ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္စျိမသို့ မတ် ၂၂ရက်တွင်ပြောသည်။

အဆိုပါ ၁၂ ဘီးကားကို မတ်လ ၂၁ ရက်၊ ည ၈ နာရီခွဲအချိန်တွင် သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကာလတန်ဖိုးသိရှိရန်နှင့် အခွန်ဆောင်ထားခြင်းရှိ၊ မရှိစစ်ဆေးရန်အတွက် ယာဉ်မောင်းအပါအဝင် ဖမ်းဆီးရမိသည့် ပစ္စည်းများကို လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ မတ်လ ၂၂ရက်တွင် လွှဲအပ်လိုက် ပြီဖြစ်ကြောင်း သိရသည်။

“မှောင်ခိုလုပ်ငန်းတွေမှာ ဒီလိုကားကြီးတွေ မလုပ်ကြတာများတယ်။ ဆယ်ဘီးတစ်စီး သိန်းလေးရာလောက် တန်ရင် တစ်စုံတရာ အမှားအယွင်းဖြစ်လို့ အခွန်ဆောင်ရရင် သိန်းနှစ်ရာလောက်ကျတယ်။ အဲ့ဒီတော့ သူတို့ နည်းနည်းလေး ဆင်ခြင်ပြီးတော့ ရှောင်ကြတယ်လို့ သုံးသပ်တာပေါ့။ မနေ့က ကားကတော့ အဲ့ဒီလို တင်လာတယ်လို့ ကိုယ်တို့ဆီမှာ သတင်းတက်တာပေါ့။ စောင့်နေတော့ ရောက်လာတယ်။ ရောက်လာတော့ တားဆီးစစ်ဆေးတဲ့အခါမှာတော့ အခုလောလောဆယ်မှာ ယာဉ်နဲ့ အတူပါရမယ့် အခွန်ဆောင်ထားတာမရှိဘူး” ဟု ဦးတက်ထွန်းအောင်က ပြောသည်။

ထိုကဲ့သို့ ၁၂ ဘီးကားအပြည့် အခွန်မဲ့ပစ္စည်းများ ဖမ်းမိသည်မှာ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၆ ရက်နေ့မှ ယနေ့(မတ်လ ၂၂) ရက်ထိ နှစ်ကြိမ်သာရှိသေးကြောင်း၊ မတ်လ ၂၁ ရက်နေ့တွင် အဆိုပါ ၁၂ ဘီးကားအပြင် ဘီယာ၊ ခေါက်ဆွဲခြောက်များနှင့် အခွန်မဲ့ဆပ်ပြာမှုန့်များ သယ်ဆောင်လာသည့် ခြောက်ဘီးကား ၃ စီးလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဒီလိုဖမ်းဆီးနေတာတွေက နံပတ်တစ်က ကိုယ်တို့နိုင်ငံထဲကို တရားမဝင်နေတဲ့ ကုန်စည်တွေ၊ စားသုံးဖို့ မသင့်တဲ့ ကုန်စည်တွေကို တားဆီးဖို့ တစ်အချက်ပါ။ နောက်တစ်ခါ ကိုယ်နိုင်ငံက ထွက်သွားတဲ့ သဘာဝထွက်တဲ့ သစ်တောထွက်ပစ္စည်းတွေ၊ တွင်းထွက်တွေကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာလည်း ကိုယ်တို့ကို ဝိုင်းဝန်း တိုက်ခိုက်ကြတာတွေလည်းရှိတယ်။ တစ်ခါတလေ စိတ်မကောင်းလည်းဖြစ်ရတယ်။ တဖြည်းဖြည်းတော့ နားလည်လာမှာပါ” ဟု အဆိုပါ ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့် ရည်ရွည်ချက်နှင့် ပတ်သက်ပြီး ဦးတက်ထွန်းအောင်က ရှင်းပြသည်။

မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး တရားမဝင်ကုန်စည်တားဆီးထိန်းချုပ်ရေး လုပ်ငန်းအနေဖြင့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်မှ စတင်ကာ မတ်လ ၂၁ ရက်ထိ တရားမဝင် ကုန်တင်ကားများ၊ ကျောက်စိမ်းရိုင်းများစသဖြင့် ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ခန့်မှန်းငွေတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင် (၂,၅ဝဝဝ) ခန့်ထိ ရှိပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly