ဇူလိုင် ၂၈၊ ရန်ကုန် ။ ။ သြဂုတ် ၂၈ ရက်တွင်ကစားမည့် ယူအေအီးလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် မြန်မာအသင်းကို ပဏာမကစားသမား ၂၅ ဦးရွေးချယ်ကာ သြဂုတ် ၁၀ရက်တွင် စတင်လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။
ယင်းခြေစမ်းပွဲမှာ ကူဝိတ်အသင်းနှင့်ကစားမည့် ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် ကစားမည့်ပွဲ ဖြစ်ပြီး စက်တင်ဘာလအတွင်း နယူးဇီလန်အသင်းနှင့်လည်း ကစားရန်စီစဉ်ထားသည်။
“ကစားသမားကိုတော့ နည်းပြမိုဗစ်စိတ်ကြိုက်ရွေးချယ်မှာပါ။ ပဏာမ ၂၅ဦးရွေးမယ်လို့ပြောတယ်။ ယူ-၂၀နဲ့ယူ-၂၃အသင်းက ကစားသမားတွေနဲ့ ဝါရင့်ကစားသမားတွေကို အချိုးကျပေါင်းစပ်ရွေးချယ်မှာပါ။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်ကပြောသည်။
အသစ်ဖွဲ့စည်းမည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ဝင်းမင်းထွဋ်၊ ခင်မောင်လွင်စသည့် ဝါရင့်ကစားသမားများ ပါဝင်လာဖွယ်မရှိတော့ပဲ လူငယ်ကစားသမားများဖြင့်သာ ပြင်ဆင်ဖွဲ့စည်းရန်လည်း နည်းပြ အေဗရာမိုဗစ်က စီစဉ်ထားသည်။