ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အတိုင်းပဲ ပြောင်းလဲတစ်ခုကိုတော့ ဦးတည်နေပြီလို့ ပြောလို့ရတယ်

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အတိုင်းပဲ ပြောင်းလဲတစ်ခုကိုတော့ ဦးတည်နေပြီလို့ ပြောလို့ရတယ်

ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် တွေ့ဆုံခြင်း (အပိုင်း -၂)

Union Peace & Dialogue Joint Committee (UPDJC) Member တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ငြိမ်းချမ်းရေး ဖြစ်စဉ်ရော ဘယ်လောက်ထိ ဆက်ပြီး သွားနိုင်အုံးမလဲ။   ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆက်ဆံရေးအခြေအနေစတာတွေ အပြင် အရင်အစိုးရလက်ထက်နဲ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရတို့ကြား ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကွာဟချက်တွေကို ဒုတိယပိုင်းမှာ ဆက်လက်မေးမြန်းထားပါတယ်။

မျိုးသန့်(Mizzima Media)

အန်ကယ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုရင် ပုဂ္ဂိုလ်ရေးအရ အင်မတန် ရင်းနှီးတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီး ဦးသိန်းစိန်တို့နဲ့ ပူးတွဲလုပ်ခဲ့တာလည်း ရှိတယ်။ အဲတော့ ဒီအစိုးရ နှစ်ရပ်မှာ ဘာတွေများ ကွာခြားသွားတာကို တွေ့ခဲ့ရလဲ။ ဥပမာ ဆိုပါစို့ ငြိမ်းချမ်းရေးပဲ ဖြစ်ဖြစ် စကားပြောတာပဲ ဖြစ်ဖြစ် ညှိနှိုင်းတာပဲ ဖြစ်ဖြစ်ပေါ့နော်။ ဒီ ဖြစ်စဉ်တွေမှာ ဘာတွေများ ကွာခြားသွားတာတွေ့လဲ။

ခွန်ဥက္ကာ(Union Peace & Dialogue Joint Committee Member)

သူတို့ကွာတာက ဒီပထမတစ်ခုကတော့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်တုန်းက ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်ပွဲ အဲဒီမှာ သူက ၂၀၀၈ ကို အကောင်အထည်ဖော်တဲ့ အခါကျတော့ မရဲတရဲ ဖြစ်တယ်။ ၂၀၀၈ ကနေ ထွက်လာ အစိုးရဖြစ်တဲ့အခါကျတော့ အရပ်သားတစ်ပိုင်း အစိုးရလို့ ခေါ်ကြတယ်။ Semi Civilian Government လို့ ခေါ်တယ်။ Civilian Government အပြည့် သူမရရှာဘူး။ semi ပဲ ဖြစ်နေတဲ့ အခါကျတော့ သူ့မှာ အသိမှတ်ပြုခံရဖို့ political recognization လို့ ခေါ်တာပေါ့။ နိုင်ငံရေးအရ အာဆီယံက သူ့ကို အသိမှတ်ပြုဖို့ ကမ္ဘာက အသိမှတ်ပြုဖို့ အနောက်နိုင်ငံက အသိမှတ်ပြုဖို့ အဲဒီလို ကြိုးစားတဲ့ အချိန်မှာ သူ့မှာ ၅နှစ်က လုံးလည်ချာလည် လိုက်နေတယ်။ တော်တော်လေးလည်း ပင်ပန်းတယ်။ တော်တော်လေးလည်း ကြိုးစားပြီးတော့ အသိမှတ်ပြုမှုကို ရလာတယ်။ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး သမ္မတကြီးဆိုတဲ့ နာမည်ရအောင် တော်တော်လုပ်ရတယ်။ အဲလို လုပ်တဲ့အတွက် သူမှာလည်း  အရင်းကတော့ စိုက်ရတယ်။ ဖြေလျော့မှုတွေပေါ့။ NCA လက်မှတ်ထိုးဖြစ်အောင် လက်ခံအောင် NCA မှာ တကယ့် သမ္မတ ဒုသမ္မတ လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ကာချုပ်၊ ဒုကာချုပ် ဒီလူတွေပါ လက်မှတ်ဝင်ထိုးနိုင်အောင် သူက စွန့်ပြီးတော့ တိုင်းရင်းသားတွေနဲ့ foundation ကို ချပြလိုက်တာ။ ဒါသူရဲ့ အားသာချက်ပေါ့။ တစ်ဖက်က legitimacy ရဖို့အတွက် သူ့အားနည်းချက်။ ဒီ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ legitimacy က Full ဖြစ်နေတယ်။ လျှံတောင် လျှံနေတယ်။ အသိမှတ်ပြုထားတာက လွန်နေတယ်။ သူ့ရဲ့ နိုဘယ်ဆုရတဲ့ ဗမာခေါင်းဆောင် ပုံစံ၊ ဗမာခေါင်းဆောင် ပုံစံတောင် မဟုတ်ဘူး။ အာရှက ခေါင်းဆောင်ပုံစံ။ သူရဲ့ ဦးဆောင်မှုက တရားဝင်ဦးဆောင်မှုလည်း ရရော မူလကတည်း ရှိပြီးသားပုံရိပ်တွေက ထိုးတက်သွားတယ်။ သူ့ကို ပုံအောကြတယ်။ နိုင်ငံတကာက အခုမှ ပြည့်သူ့ဒီမိုကရေစီအစစ်ရပြီ။ ဘာအကူညီလိုလဲ ရော့။ ဘာတောင်းချင်လဲ။ ဘာလုပ်ချင်လဲ။ အသိမှတ်ပြုမှုက ဒင်းပြည့်ကျပ်ပြည့်ရသွားတယ်။ သူ့ကို လာတွေ့တဲ့ နိုင်ငံခေါင်းဆောင်တွေဟာ တစ်ယောက်ဝင် တစ်ယောက်ထွက်နဲ့ နိုင်ငံတိုင်းလိုလိုတော့ လာတွေ့သွားကြပြီ။ သူက အဲဒီမှာ အားသာတာ။ သူ့အားသာချက်က ပုဂ္ဂိုလ်အရ တရားဝင်မှုက အဲဒီမှာ အားသာတာ။ အသိမှတ်ပြုခံရမှုကလည်း အဲဒီမှာ အားသာတယ်။ အားနည်းသွားတာ ဘယ်ဘက်မှာလဲဆိုတော့ သူ့မှာ သူ့ရဲ့ သစ္စာခံတဲ့ အထောက်အကူပေါ့။ သူ့ကို ပံ့ပိုးတဲ့သူက အားနည်းတယ်။ human resources အားနည်းတဲ့ အခါကျတော့ ဟိုလူလည်း မယုံ၊ ဒီလူလည်း သိပ်စိတ်မချ ဟိုလူလည်း အပ်လို့ မရဆိုတော့ ကိုယ်တိုင် အားလုံးဝင်ကိုင်မှ ရမယ်ဆိုတော့ ဝင်ကိုင်လိုက်ရော။ ဒါပေမယ့် လူသား သဘာဝအရ အားလုံးကိုင်တယ်ဆိုပေမယ့် အားလုံးကို သိဖို့တော့ မလွယ်ဘူး။ details သွားဖို့လည်း မလွယ်ဘူး။ မလွယ်တဲ့ အခါကျတော့ သူ့ဖွဲ့တဲ့ ပုံစံတွေပေါ့နော်။ ပထမ NRPC ဆိုလည်း တော်တော့်ကို ခက်ခက်ခဲခဲဖွဲ့မှ တစ်နှစ်ပြည့်မှ နေရာလေး လည်ပတ်မှုလေး ရှိလာတယ်။ နောက်တစ်ခါ peace commission ဆိုရင်လည်း ဒီလိုပဲ။ အဲဒီ peace commission နဲ့ NRPC မတိုင်ခင်တုန်းက သူ့မှာ ၂၁ ရာစုနှစ် ပြင်ဆင်ရေး ကော်မတီဆိုတာ ရှိသေးတယ်။ အဲတာလည်း committee 1, committee 2  ဆိုပြီးတော့ လုပ်နေရရှာတယ်။ အဲလို လုပ်ပြီးတော့ တစ်ဖက်က လိုအပ်တဲ့ ငြိမ်းချမ်းရေးယန္တရားတွေ ပြင်ဆင်တဲ့ အချိန်မှာ မူလရှိပြီးသား ယန္တရားကိုလည်း ဆက်စပ်ရတယ်။ NCA ထိုးလိုက်တဲ့ အခါကျတော့ ပေါ်လာတဲ့ ယန္တရားက ဘာရှိလဲ။ JMCA ရှိတယ်။ ကျွန်တော်တို့ UPDJC ရှိတယ်။ နောက်ပြီးတော့ JMC ဆိုတာလည်း ရှိတယ်။ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးဆိုတာရှိတယ်။ အဲဒါ တွက်ပြီးတော့ ဘယ်အစုဖွဲ့ကနေပြီးတော့ သူ့ရဲ့ entry point ရှိသလဲဆိုတာ သူထိုင်စောင့်နေတယ်။ နောက်ဆုံး ၂၀၁၆ ဇွန်၊ ဇူလိုင်လောက်ကျမှ JMCA အစည်းအဝေးကို Join ပြီးတော့ peace process ထဲကို ကူးလာတာ။ သတိရှိစွာနဲ့ compact ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ JMC (ပူးတွဲ အပစ်ရပ်စောင့်ကြည့်ကော်မတီ)မှာ အင်အားစု နှစ်ခုပဲ ရှိတယ်။ တပ်မတော်နဲ့ လက်နက်ကိုင် အင်အားစု ဒါပဲ။ အဲဒါ ကော်မတီဖွဲ့ပြီးတော့ အပစ်အခတ် ရပ်စဲရေးစောင့်ကြည့်တာ။ ဟိုဘက်က UPDJC  ဆိုတာက အင်အားစု သုံးစု ရှိတယ်။ အစိုးရ ရှိတယ်။ လက်နက်ကိုင် ရှိတယ်။ နိုင်ငံရေးပါတီများ ရှိတယ်။ အဲဒီ နိုင်ငံရေးပါတီများ ပါတဲ့ အစုအဖွဲ့ကို ကြားထားလိုက်သေးတယ်။ ပထမပိုင်းမှာပေါ့။ ဒါကြောင့် မူလရှိပြီးသား institution တွေနဲ့ ချိတ်မိဖို့ ကြိုးစားရင်းနဲ့ အချိန်က နည်းနည်းကုန်သွားတယ်။ မူလကလည်း အားကောင်းတဲ့ ဆွေးနွေးရေး အဖွဲ့တွေလည်း ကောင်းကောင်း မဖွဲ့နိုင်ဘူး။ အဲဒီမှာ အချိန်နည်းနည်းတော့ နှောင့်နှေးသွားတာပေါ့။ အဲဒါကို တွေ့ရပါတယ်။

ဦးမျိုးသန့် (Mizzima Media)

အဲတော့ ကျွန်တော် အခုနက ပြန်ပြီးတော့ ချုပ်မေးလို့ ရှိရင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အင်မတန်မှ ရင်းနှီးတယ်။ တစ်သားတည်း ရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အခု အစိုးရဖြစ်ပြီးတဲ့ နောက်ပိုင်းမှာရော နည်းနည်းလေး အလှမ်းများ ဝေးသွားသလားလို့ ဒီတိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး အခြေနေက ဘယ်လို ရှိလဲခင်ဗျ။

ခွန်ဥက္ကာ(Union Peace & Dialogue Joint Committee Member)

ဒီစွမ်းဆောင်ပေးမယ့် ကြားမှာ ဒီ အလွတ်သဘော တွေ့ဆုံပေးမယ့် ညှိနှိုင်းပေးမယ့် အင်အားစုက မရှိတဲ့အခါကျတော့ ကင်းကွာသွားတယ်။ ဒီနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်အဆင့်နဲ့ နောက်ဆုံး အဆင့်မှာ ဖြစ်ရမှာ တော်တော်လေး ညှိလို့ရလို့ နောက်ဆုံးမှာ ဒီသဘောတူချက်တွေ ထွက်ခါနီးလောက်ထိ လုပ်ထားပြီးတော့မှ သူ့ဆီရောက်ရင် ဘာမှ သိပ်များများ မရှိတော့ဘဲနဲ့ အဆင်ပြေတဲ့ လမ်းကြောင်း ရောက်သွားမှ ဒါသင့်တော်တယ်။ သူကိုယ်တိုင်က Compromise လုပ်ဖို့၊ Negotiate လုပ်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် Compromise လုပ်မယ့်၊ Negotiate လုပ်မယ့် အင်အားစုမှာ အားနည်းနေတဲ့ အခါကျတော့ သူ့ဆီ ပြန်မရောက်နိုင်တော့ဘူး။ မပို့နိုင်တော့ သူကိုယ်တိုင် ဝင်ကျဲရတာတွေ ရှိတယ်။ ခေါင်းဆောင်တွေ ခေါ်တွေ့တာ ရှိတယ်။ အဲဒီမှာက နိုင်ငံတော်အကြီးအကဲ တစ်ယောက်ရဲ့ ပြောရမယ့် စကားလောက်ပဲ ပြောလို့ ရတယ်။ ဒီဟာတောင်းတယ်၊ ဒါ မရဘူး ဟိုဟာတောင်းတယ် မရဘူး ဒါတော့ ပေးရမယ် အဲလို ပြောလို့မရဘူး။ အဲလို ပြောရမယ့် ပညာသားပါပါပေါ့ဗျာ။ ဦးအောင်မင်း လုပ်ခဲ့တဲ့ အဲလိုပြောရမယ့်ပုဂ္ဂိုလ်က မရှိဘူး။ မရှိတဲ့ အခါကျတော့ နည်းနည်း အခက်အခဲဖြစ်တယ်။ ဖြစ်တဲ့ အခါကျတော့ ဦးအောင်မင်းလို့ ပုဂ္ဂိုလ်မျိုးကို ပြန်သုံးမလား ဆိုပြန်တော့လည်း လာရာလမ်းကြောင်းနဲ့ စုဖွဲ့ပုံ မတူတော့ မသုံးရဲဘူး။ မသုံးသင့်ဘူးလို့ ဖြစ်သွားရော။ ဦးအောင်မင်းဆီက တစ်ယောက် နှစ်ယောက်တောင်မှ ခက်ခက်ခဲခဲနဲ့ သုံးနေရတယ်။ သူ့မှာလေ။ အဲလို အခင်းအကျင်း မတူတဲ့အပေါ်မှာ တစ်နှစ်ဆိုတာကတော့ ခဏလေးနဲ့ ကုန်သွားတာကိုး အဲတစ်နှစ်မှာလည်း ပိုင်းလိုက်ရင် ပထမ ရက် ၁၀၀ စီမံချက်ဆိုတာလည်း ရှိသေးတယ်ဗျ။ ရက်ပေါင်း ၃၀၀ကျော်မှာမှ ၁၀၀စီ သပ်သပ်ထုပ်ပြီးတော့လုပ်နေတော့ အဲရက် ၁၀၀မှာ ငြိမ်းချမ်းရေးက တစ်ခုမှ ပါတာမဟုတ်ဘူး။ ရက် ၁၀၀ လွန်မှ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါလာတာ။ ဒါကြောင့် ရက် သုံးရာမှာ ရက်တစ်ရာက တစ်ခုသွားနေတယ်။ ရက်နှစ်ရာက တစ်ခုသွားတယ်။ ဒီလောက်ရတာပဲ ဒီလောက် ကျန်တာပေါ့ဗျာ။ ဒါကတော့ ကျွန်တော့် အနေနဲ့ နောက်ပြန်ဆုတ်မသွားဘူး။ အခြေနေတစ်ခု ပျက်မသွားဘူးဆိုရင် ဒါဟာ တော်တော်ကောင်းနေပြီ ပြောင်းလဲချိန် တန်ပြီဆိုတဲ့ အတိုင်းပဲ ပြောင်းလဲတစ်ခုကိုတော့ ဦးတည်နေပြီလို့ ပြောလို့ ရတာပေါ့။

အပိုင်း- ၁ ဖတ်ရှုရန် - http://www.mizzimaburmese.com/article/24997

အပိုင်း ၃- လက်ရှိအစိုးရနဲ့ တပ်မတော် ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ လေးနှစ်တာကျန်သေးတဲ့အစိုးရအပေါ် အကြံပြုချက် ကို ဆက်လက်ဖော်ပြပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly