မြောင်းဆီရောင်းသည့် ထိုင်ဝမ်ကုမ္ပဏီဥက္ကဋ္ဌ ထောင်ဒဏ်အနှစ်၂၀ ကျ

မြောင်းဆီရောင်းသည့် ထိုင်ဝမ်ကုမ္ပဏီဥက္ကဋ္ဌ ထောင်ဒဏ်အနှစ်၂၀ ကျ

ထိုင်ဝမ်၏ အစားအသောက်လုပ်ငန်းကို ဖိဆီးနေခဲ့ပြီး ဝန်ကြီးတစ်ဦးပြုတ်ကျသည်အထိဖြစ်ပွားခဲ့သည့် မြောင်းဆီအရှုပ်တော်ပုံတွင် အဓိကကဏ္ဍမှ ပါဝင်ခဲ့သည့် ထိုင်ဝမ်ကုမ္ပဏီတစ်ခု၏ အကြီးအကဲကို တရားရုံးတစ်ခုက ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်သည်။

မသန့်ရှင်းသောဆီ ၂၄၃တန်ကို ရောင်းချခဲ့မှုတွင် ပါဝင်မှုအတွက် Chang Guann Co ကုမ္ပဏီ၏ ဥက္ကဋ္ဌယေဝန်ရှန် သည် ထောင်ဒဏ်နှစ် ၂၀အပြင် ထိုင်ဝမ်ဒေါ်လာ သန်း ၅၀(စင်ကာပူဒေါ်လာ နှစ်သန်း) လည်း ဒဏ်ရိုက်ခံရသည်။ မသန့်သော ဆီများမှာ ချက်ပြုတ်သူများ၊ ကြော်သူများထံမှ မကောင်းတော့သည့်ဆီများ၊ စွန့်ပစ်ဆီများနှင့် သားရေပစ္စည်းစက်ရုံများမှ ပြန်သန့်ထားသည့် အမဲဆီ၊ ဝက်ဆီများကို စုထားခြင်းဖြစ်သည်။

ယင်းသို့မသန့်သောဆီ သို့မဟုတ် မြောင်းဆီများ ရောင်းသည်ဆိုသည့်စွပ်စွဲချက်များ ပေါ်လာပြီးနောက် ယေ သည်လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ပထမဆုံး ထိန်းသိမ်းခံခဲ့ရသည်။

သို့သော်လည်း အောက်တိုဘာလတွင် အာမခံဖြင့် လွှတ်ပေးခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်ကမူအစားအစာများ အန္တရာယ်ကင်းရှင်းမှုကို ချိုးဖောက်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ ၎င်းအား ဇူလိုင် ၂၄က ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သည်။ အမှုပေါ်ပေါက်လာချိန်တွင် ထိုင်ဝမ်နှင့် ဟောင်ကောင်ရှိ မုန့်စင်များပေါ်မှ ကိတ်များ၊ ပေါင်မုန့်များ၊ အသင့်စားခေါက်ဆွဲများ၊ ဘန်းမုန့်များနှင့် ပေါက်ဆီတန်ချိန် ရာပေါင်းများ စွာကို ဖယ်ရှားပစ်ခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းကဲ့သို့မသန့်သောဆီများကို ပုံမှန်ဝက်ဆီနှင့် ရောကာ အစားအသောက်လုပ်ငန်းရှိ ဖောက်သည်များထံသို့ ဖြန့်ဖြူးသည်။ ထိုင်ဝမ်ရှိ စားသောက်ဆိုင်များ၊ မုန့်ဖုတ်ဖိုများနှင့် အစားအစာစက်ရုံ ၁,၀၀၀ကျော် သည် အဆိုပါမသန့်သော ဆီများကို အသုံးပြုခဲ့ကြသည်ဟု အစားအစာနှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ကပြောကြားခဲ့သည်။ ထို့အပြင် ထွက်ပေါ်လာသည့် ကန့်ကွက်မှုများကြောင့် ထိုင်ဝမ်ကျန်းမာရေး ဝန်ကြီး မှာ နုတ်ထွက်ခဲ့ရသည်။

ကုမ္ပဏီ၏ ဒု-ဥက္ကဋ္ဌ စိုက်ချိချွန်မှာလည်း အစားအစာဘေးကင်းရေးကို ချိုးဖောက်မှုအတွက် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခံခဲ့ရကြောင်း နိုင်ငံတောင်ပိုင်း ပင်းတုန်ခရိုင်တရားရုံးက ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် ဖော်ပြထားသည်။ ကုမ္ပဏီသို့ ရောင်းချခဲ့သော လိုင်စင်မရှိသည့် စက်ရုံတစ်ခု၏ မန်နေဂျာဖြစ်သူ ကို့လယ်ချန်လည်း ထောင်ဒဏ် ၁၂ ချမှတ်ခံရပြီး ယင်းစက်ရုံမှ အလုပ်သမားတစ်ဦး ကိုလည်း ထောင်ရှစ်နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။

အစားအစာအန္တရာယ်ကင်းရှင်းရေးချိုးဖောက်သူများကို ထောင်ဒဏ်နှင့် ငွေဒဏ်များတိုးမြင့်ရန် ဥပဒေပြင်ဆင်ချက်ပြုလုပ်ရေး ထိုင်ဝမ်အစိုးရက တွန်းအားပေးခဲ့သည်။ ထို့အပြင် အမှုပေါ်ထွက်ပြီးနောက် သတိပေးသူများကိုလည်း များပြားသည့်မက်လုံးများပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly