အရှေ့အလယ်ပိုင်းဒေသနိုင်ငံတစ်ချို့က လာတဲ့ ခရီးသွားတွေကို အရွယ်အစားကြီးတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ယူဆောင်လာခွင့် အမေရိကန် ပိတ်ပင်

အရှေ့အလယ်ပိုင်းဒေသနိုင်ငံတစ်ချို့က လာတဲ့ ခရီးသွားတွေကို အရွယ်အစားကြီးတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ယူဆောင်လာခွင့် အမေရိကန် ပိတ်ပင်

မတ် ၂၁ ။              ။ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကဒေသမှာရှိတဲ့ လေဆိပ်ဆယ်ခုကနေတဆင့် အမေရိကန်ဆီကို လာရောက်မယ့် ခရီးသွားတွေကို အရွယ်အစားကြီးမားတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ယူဆောင်လာခွင့် ပိတ်ပင်သွားဖို့ ၀ါရှင်တန်အစိုးရက အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုအန္တရာယ်ကို ကြိုတင်ကာကွယ်လိုတဲ့အနေနဲ့ ယခုလို တားမြစ်ချက်ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း အမေရိကန်အာဏာပိုင်တွေက ဆိုပါတယ်။ အဆိုပါ အီလက်ထရောနစ်ပစ္စည်းတွေမှာ ဖုံးကွယ်ဝှက်လာမယ့် ဗုံးတွေနဲ့အတူ ခရီးသည်တင်လေယာဉ်တွေကို ပစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်နိုင်မယ့်အခြေအနေကို ကြိုတင်တားဆီးဖို့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဂျော်ဒန်၊ အီဂျစ်၊ တူရကီ၊ ဆော်ဒီအာရေးဗျ၊ ယူအေအီး၊ ကူဝိတ်၊ မော်ရိုကိုနဲ့ ကာတာတို့မှာ ရှိတဲ့ လေဆိပ်တွေကနေတဆင့် အမေရိကန်ကို လာရောက်မယ့် ခရီးသွားတွေအနေနဲ့ အမေရိကန်နိုင်ငံကိုလာရင် ဆဲလ်ဖုန်းတစ်လုံးထက် အရွယ်အစားပိုကြီးတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ သယ်ဆောင်လာခွင့် ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

ယခုလို ခရီးသွားတွေကို သယ်ဆောင်ခွင့် ပိတ်ပင်သွားတော့မယ့် ပစ္စည်းတွေထဲမှာတော့ လက်တော့ပ်၊ တက်ဘလက်၊ DVD ပလေယာတွေ၊ အီလက်ရောနစ် ဂိမ်းစက်ခုံတွေနဲ့ ကင်မရာတွေ ပါ၀င်နေတယ်လို့ သိရပါတယ်။

အမေရိကန်တို့အနေနဲ့ ယင်းမတိုင်မီကလည်း Samsung Galaxy Note 7 ဖုန်းကို လေကြောင်းခရီးစဉ်တွေပေါ်မှာ သယ်ဆောင်ခွင့် ပိတ်ပင်ထားခဲ့သလို ဘထ္ထရီအပူလွန်တဲ့ပြဿနာတက်ခဲ့တဲ့ hoverboards တွေကိုပါ တားမြစ်ထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly