CCTV မှတ်တမ်း နှင့် ပြည်သူများ Viber မှတစ်ဆင့် တိုင်ကြားထားသည့် မီးနီဖြတ်မောင်းယာဉ်များကို စတင်အရေးယူပြီ

CCTV မှတ်တမ်း နှင့် ပြည်သူများ Viber မှတစ်ဆင့် တိုင်ကြားထားသည့် မီးနီဖြတ်မောင်းယာဉ်များကို စတင်အရေးယူပြီ
(ဓာတ်ပုံ-ဘိုဘို)

မန္တလေး၊ မတ် ၂၁ ။         ။ မန္တလေးမြို့တွင်းရှိ လမ်းမများပေါ် တပ်ဆင်ထားသော စီစီတီဗီ မှတ်တမ်းအရ မီးနီဖြတ်မောင်းသည့် မော်တော်ယာဉ်များအား မတ်လ ၁၇ရက်မှ စတင်၍ အရေးယူနေပြီဟု သိရသည်။

အရေးယူမှုစတင်ချိန်မှ တစ်ပတ်အတွင်း CCTV မှတ်တမ်းများ နှင့် ပြည်သူများ Viberမှ အချက်အလက်အတိအကျဖြင့် တိုင်ကြားချက်များမှာ စည်းကမ်းချိုးဖောက်မှု (၅)မှုကို အရေးယူထားသည်ဟုလည်း အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

''ဒီရက်ပိုင်း ထိန်းချုပ်ခန်းက စောင့်ကြည့်ထားတဲ့ဟာတွေရှိတယ်။ ဒါတွေကို အရေးယူသွားမှာဖြစ်ပါတယ်။ ကညနကိုလည်း ပို့ပြီး စိစစ်ထားတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ လက်ထဲလည်းရောက်နေပါပြီး။ အရေးယူဖို့ ညွန်ကြားထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်းတဖြေးဖြေး ပိုပြီး အကောင်အထည် ဖော်လာနိုင်မှာဖြစ်ပါတယ်" ဟု ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

ပြည်သူများအနေဖြင့် Viber မှတစ်ဆင့် တိုင်ကြားရာတွင် ဖုန်းနံပါတ် ၀၉-၂၆၅၅၁၂၂၄၃သို့ ယာဉ်စည်းကမ်းချိုးဖောက်သည့် ယာဉ်အား ဓာတ်ပုံနှင့်တကွ သက်သေအထောက်အထားခိုင်လုံစွာ ပေးပို့ပါက အရေးယူပေးမည်ဟု ၎င်းက ပြောသည်။

"အမှန် လိပ်စာ အတိအကျထွက်လာရင် ချက်ချင်းအရေးယူမှာပါ။ လိပ်စာက လိုက်မရတဲ့အခါရှိခဲ့ရင် လိုင်စင်သက်တမ်းလာတိုးတဲ့အခါ အရေးယူခံရမှာပါ" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မန္တလေးမြို့ရှိ လမ်းမပေါ်၌ တပ်ဆင်ထားသော စီစီတီဗီများဖြင့် စောင့်ကြည့်ခြင်းကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စသော စောင့်ကြည့်ရေးစင်တာနှစ်ခုဖြင့် စောင့်ကြည့်လျက်ရှိသည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းစောင့်ကြည့်ကာ မတ်လ တတိယပတ်မှ စတင်အရေးယူမည်ဟု ဆိုသည်။

မီးနီဖြတ်မောင်းသည့် မော်တော်ယာဉ်ပိုင်ရှင်များသည် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၅၄(စ) ကျူးလွန်ခဲ့သည်အတွက် မော်တော်ယာဉ်ဥပဒေ ပုဒ်မ(၆၂)ဖြင့် ဒဏ်ငွေ (၃)သောင်းထက် မပိုသည့် ဒဏ်ငွေကို မန္တလေး မော်တော်ယာဉ်အထူးတရားရုံးသို့ ပေးဆောင်ရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly