မြန်မာစုံစမ်းရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက်

မြန်မာစုံစမ်းရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက်

မတ် ၂၁ ။           ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးလိုက်တဲ့ မြန်မာ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ဟာ မတ်လ ၂၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းမှာရှိနေတဲ့ ဒုက္ခသည် စခန်းနှစ်ခုကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

မတရားနှိပ်စက်မှုနဲ့ ကြံုတွေ့ရင်ဆိုင်ထားခဲ့ရလို့ဆိုပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးကာ အဆိုပါစခန်းတွေမှာ ရောက်နေကြတဲ့ ဘင်္ဂါလီမွတ်ဆလင်တွေနဲ့ ယခု စုံစမ်းရေးအဖွဲ့က   တွေ့ဆုံမေးမြန်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မတရားညှဉ်းပန်းနှိပ်စက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေ မှန်မမှန် ၎င်းတို့ကို မေးမြန်းဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စခန်းမှာ ရှိတဲ့ ဘင်္ဂါလီမွတ်ဆလင်တွေဟာ အဖွဲ့ဝင်ဆယ်ဦးပါ မြန်မာစုံစမ်းရေးအဖွဲ့နဲ့ တွေ့ချိန်မှာတော့ ၎င်းတို့ရဲ့ မျက်နှာတွေထုတ်ပြဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ သိရပြီး ဒါကလည်း တကယ်လို့ သူတို့ မူလနေအိမ်တွေ ပြန်ရင် လက်စားချေခံရမှာကို ကြောက်လို့ဆိုပြီး ပြောခဲ့တာပါလို့ ဘင်္ဂလားဒေ့ရှ် ရိုင်အုပ်ချုပ်ရေးမှူး Imrul Kayes က ပြောပါတယ်။

စုံစမ်းရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ဘင်္ဂါလီ အမျိုးသား၊ အမျိုးသမီးတွေက ကန့်လန့်ကာတစ်ခုရဲ့ နောက်ကွယ်ကနေပဲ သူတို့မျက်နှာတွေ မပြဘဲ ပြောဆိုဖြေကြားမှုတွေလုပ်ခဲ့တယ်လို့ သိရပြီး  သူတို့ ကြံုတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေကို ပြောပြခဲ့တယ်လို့ Imrul Kayes က ပြောပါတယ်။

Cox's Bazar ဒေသမှာ ရှိတဲ့ ယင်းစခန်းတွေမှာ နေကြတဲ့ စုစုပေါင်း မွတ်ဆလင် ၃၅ ယောက်လောက် စုံစမ်းရေးအဖွဲ့ကို သူတို့ရဲ့ အတွေ့အကြံုတွေ ပြောပြပေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။ စုံစမ်းရေးအဖွဲ့ကတော့ မီဒီယာနဲ့ တွေ့ဆုံပြောဆိုသေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

စုစုပေါင်း ဘင်္ဂါလီ မွတ်ဆလင် ၉၀,၀၀၀ လောက် မြန်မာနိုင်ငံကနေတဆင့်နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပြေးထားခဲ့တယ်လို့လည်း AP သတင်းဌာနက ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly