ရှမ်းမြောက်၌တရားမဝင် သစ် တန် ၁၀၀၀ နီးပါး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

ရှမ်းမြောက်၌တရားမဝင် သစ် တန် ၁၀၀၀ နီးပါး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
ဓာတ်ပုံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန် ၊ မတ် ၂၁ ။            ။ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်အနီးတွင် ပြီးခဲ့သည့် မတ်လ ၁၈ နှင့် ၁၉ ရက်နေ့များက တပ်မတော်စစ်ကြောင်းက  နယ်မြေလုံခြံုရေးတာဝန်ဆောင်ရွက်နေစဉ် တရားမဝင်သစ်လုံးမျတန် ၁၀၀၀ နီးပါးနှင့် သစ်ခိုးယာဉ်များကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ကျွန်းသစ်လုံးဆိုဒ်စုံ ၁၄၉၂ လုံး (ခန့်မှန်း၄၀၂ တန်ခန့်)၊ ကျွန်းသစ် ခွဲသားဆိုဒ်စုံ ၅၅၁၀၇ ချောင်း (ခန့်မှန်း ၅၃၇ တန်ခန့်)၊ တမလန်းသစ်လုံး ဆိုဒ်စုံ ၁၁၀ လုံး(ခန့်မှန်း ၁ တန်ခန့်)၊ ပိတောက်သစ်လုံးဆိုဒ်စုံ ၅၅ လုံး(ခန့်မှန်း ၁ တန်ခွဲခန့်)၊ ပိတောက် ခွဲသားဆိုဒ်စုံ ၂၀၀၀ ချောင်း (ခန့်မှန်း ၂ တန်ခွဲခန့်) စုစုပေါင်း ခန့်မှန်းသစ်တန်ချိန် ၉၄၄ ဒသမ ၈တန်ခန့် ဖမ်းဆီးရမိကြောင်း သိရသည်။

ထို့အပြင် ကရိန်းယာဉ် ၁ စီး၊ ယမ်းဖောင် အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ ဖိုတွန်အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ သရီးကရောင်း ယာဉ် ၅ စီး၊ တုန်ဖန်းအမျိုးအစား မော်တော်ယာဉ် ၄ စီး အပါအဝင် စုစုပေါင်း သစ်ခိုးထုတ်သည့် ယာဉ်၊ ယန္တရားမျိုးစုံ ၁၃ စီးနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သည့် သစ်ခွဲစက် ၄ လုံး၊ မီးစက် ၁ လုံး၊ လွှဝိုင်း ၂ ခုတို့ကို ပိုင်ရှင်မဲ့ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် မံဝိန်းကြီးနယ်မြေအတွင်း မတ် ၁၁ ရက်မှ ၁၈ ရက်အထိ သစ်ခိုးယာဉ်မျိုးစုံ စုစုပေါင်း ၁၄၇ စီး တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly