ချီကာဂိုဖိုင်းယားအသင်းသို့ ရှဝိန်းစတိုင်ဂါပြောင်းရွှေ့တော့မည်

ချီကာဂိုဖိုင်းယားအသင်းသို့ ရှဝိန်းစတိုင်ဂါပြောင်းရွှေ့တော့မည်

မတ် ၂၁၊ အင်္ဂလန် ။               ။ မန်ယူအသင်းတွင် နေရာမရတော့သည့် ဂျာမနီအသင်းခေါင်းဆောင်ဟောင်း ရှဝိန်းစတိုင်ဂါသည် အမေရိကန်မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းသို့   ပြောင်းရွှေ့တော့မည် ဖြစ်သည်။

ရှဝိန်းစတိုင်ဂါကို ၂၀၁၅ ခုနှစ်က နည်းပြဗန်ဟားလ်က ဘိုင်ယန်မှမန်ယူသို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဗန်ဟားလ်လက်ထက်တွင် ကစားခွင့်ရရှိခဲ့သော်လည်း နည်းပြသစ်မော်ရင်ဟိုလက်ထက်တွင် ရှဝိန်းစတိုင်ဂါမှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရသည်။ မော်ရင်ဟိုက ၎င်းကို အရန်အသင်းအထိပို့ခဲ့ပြီး ဒုတိယရာသီဝက်မှ အသင်းကြီးသို့ပြန်လည်ခေါ်ယူထားခြင်းဖြစ်သည်။ မော်ရင်ဟိုလက်အောက်တွင် လေးပွဲ ကစားခွင့်ရရှိခဲ့ရာ၌ တစ်ဂိုးသွင်းယူပေးထားနိုင်သည်။

သို့သော် ရှဝိန်းသည် နိုဝင်ဘာလက ချီကာဂိုဖိုင်းယားအသင်းနှင့် ပြောဆိုဆွေးနွေးခဲ့ကြပြီး ယခု အသင်းပြောင်းရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

‘ကျွန်တော့်ကစားသမားဘဝတစ်လျှောက်မှာ ဘယ်နေရာကိုပဲရောက်ရောက် ကစားခွင့်ရဖို့ အမြဲကြိုးပမ်းခဲ့တာပါ။ အကောင်းဆုံးကြိုးစားကစားပြီး အသင်းကို ကူညီနိုင်ဖို့ အမြဲမျှော်လင့်ခဲ့ပါတယ်။ ချီကာဂိုအသင်းကို ပြောင်းမှာကလည်း အရင်လိုပဲ ဘာမှ မပြောင်းလဲပါဘူး။ ကျွန်တော့်ကို သူတို့က ယုံကြည်သလို ချီကာဂိုအသင်းရဲ့စီမံကိန်းနဲ့အစီအစဉ်တွေကိုလည်း ယုံပါတယ်။ သူတို့ကို ကူညီပေးလိုပါတယ်’ ဟု ရှဝိန်းစတိုင်ဂါက ပြောခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly