မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ကော်မတီက ယာဉ်ပြင်ဆင်စရိတ်များ ကားတစ်စီး ကျပ်သိန်း ၂၀ ထုတ်ချေးပေး

မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ကော်မတီက ယာဉ်ပြင်ဆင်စရိတ်များ ကားတစ်စီး ကျပ်သိန်း ၂၀ ထုတ်ချေးပေး

မန္တလေး၊ မတ် ၂၁ ။            ။ မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ကော်မတီ လက်အောက်ရှိ အဝေးပြေးယာဉ်အသင်းများမှ ကားများကို တစ်စီးလျင် ပြင်ဆင်စရိတ် ကျပ်သိန်း ၂၀ စီ ထုတ်ပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက မဇ္ဈိမကိုပြောသည်။

၂၀၁၅ ခုနှစ်မှစတင်၍ ထိုသို့ ပြင်ဆင်စရိတ်ထုတ်ပေးရာတွင် ယာဉ်အသင်းလိုက်သာ တစ်သင်းကို ကျပ် ငါးသိန်းနှုန်းထုတ်ပေးခဲ့ရာမှ ယခုအခါ ယာဉ်အသင်းများရှိ ယာဉ်တစ်စီးချင်းစီအလိုက် ကျပ်သိန်း ၂၀ စီ ထုတ်ပေးသွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက "သူတို့ရဲ့ယာဉ်ပြင်ဆင်စရိတ်၊ သူတို့ရဲ့အခက်အခဲတွေကို ပြေလည်စေဖို့အတွက်ဆိုပြီးတော့ ကျွန်တော့်လက်ထက်ကနေစပြီးတော့ ငါးသိန်းကနေစပြီးတော့ ထုတ်ပေးလာခဲ့တယ်။ အခုဆိုလို့ရှိရင် သိန်း ၂၀ထိ ရောက်ရှိလာပြီ။"ဟုပြောသည်။

ထိုသို့ထုတ်ပေးလိုက်သည့် ငွေများကို တစ်လ ကျပ်နှစ်သိန်းနှုန်းဖြင့် ၁၀လ ပြန်လည်ပေးသွင်းရမည်ဖြစ်သည်။

"ငွေထုတ်ပြီးလို့ရှိရင် တစ်လကို နှစ်သိန်းနှုန်းပြန်ဆပ်ရပါတယ်။ အဲဒီတော့ ဆယ်လပြည့်တဲ့အချိန်မှာ သူ့ရဲ့ထုတ်ယူသွားတဲ့ သိန်း ၂၀ေငွေဟာ ကျေသွားပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပျောက်ပျောက်ပျက်ပျက်နဲ့ပြန်သွင်းပေးတဲ့အတွက် သူတို့ခက်ခဲနေတဲ့ငွေကြေးအလုံးအရင်းလိုအပ်နေတာကို ပြေလည်အောင်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။"ဟု ဦးအောင်ကျော်လင်းကပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ကော်မတီ လက်အောက်ရှိ သီရိမန္တလာကားကြီးကွင်း၊ မဟာအောင်မြေကားကြီးကွင်း၊ ဒေါနဘွားကားကြီးကွင်း၊ ချမ်းမြရွှေပြည်ကားကြီးကွင်းနှင့် ပြည်ကြီးမျက်ရှင်ကားကြီးကွင်းတို့တွင် ယာဉ်အသင်းပေါင်း ၄၈၁သင်းရှိပြီး ထွက်ရှိနိုင်သည့် ကားပေါင်း ၆၀၂၁စီးရှိကြောင်းသိရသည်။

လတ်တလောအခြေအနေထိ ယာဉ်ပြင်ဆင်စရိတ် ထုတ်ပေးထားမှုအနေထားမှာ ကျပ်သိန်း ၅၀၀၀ နီးပါးရှိနေပြီဟုလည်း ဦးအောင်ကျော်လင်းကဆိုသည်။

ယာဉ်ပြင်ဆင်စရိတ်လျှောက်ထားရာတွင် မိမိပြေးဆွဲနေသည့် ယာဉ်အသင်း၏ ထောက်ခံချက်၊လုပ်ငန်းလိုင်စင် စသည်တို့ပါရှိရမှာဖြစ်သလို မန္တလေးတိုင်းဒေသကြီး၊အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ကော်မတီ၏ အုပ်ချုပ်မှုအောက်တွင်ရှိသည့် ကားလည်းဖြစ်ရန် လိုအပ်ကြောင်းသိရသည်။ လျောက်ထားမည်ဆိုပါက တစ်လကြိုတင် လျောက်ထားရန်လည်း လိုကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly