သင်္ကြန်ပိတ်ရက် အဝေးပြေးယာဉ်လိုင်းပိုင်ရှင်များ ယာဉ်စီးခ စျေးတက်လို၍ ဆက်လက်ညှိနှိုင်းနေရဟု YRTA ပြော

သင်္ကြန်ပိတ်ရက် အဝေးပြေးယာဉ်လိုင်းပိုင်ရှင်များ ယာဉ်စီးခ စျေးတက်လို၍ ဆက်လက်ညှိနှိုင်းနေရဟု YRTA ပြော
ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးဂိတ် တစ်ခုတွင် ခရီးသွားရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ မတ် ၂၁ ။             ။ သင်္ကြန်ကာလရုံးပိတ်ရက်တွင် အဝေးပြေးယာဉ်လိုင်းပိုင်ရှင်အချို့က ယာဉ်စီးခ အနည်းငယ်ပိုတောင်းလိုတာကြောင့် ဆက်လက်ညှိနှိုင်းနေရသည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမကိုပြောသည်။

သင်္ကြန်ရုံးပိတ်ရက်တွင် အဝေးပြေးယာဉ်စီးခများ ပုံမှန်အတိုင်းဖြစ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ယာဉ်လိုင်းပိုင်ရှင်များ မတ်လ ၂၀ရက်မှစတင်ညှိနှိုင်းနေခြင်းဖြစ်သည်။

“ဘာမှမထူးသေးဘူးနော်။ ဆက်ပြီးတော့ညှိနှိုင်းနေတယ်။ အဖြေက ဒီတစ်ရက်နှစ်ရက်အတွင်းပဲထွက်မှာ ဒီမှာပြန်ညှိနေတယ်။ သူတို့ကတော့ ယာဉ်စီးခနည်းနည်းပိုပြီးတော့ တောင်းချင်တော့လေ ဒီဘက်ကပြန်ညှိနေတယ်" ဟု ဒေါက်တာမောင်အောင်ကပြောဆိုသည်။

အစည်းအဝေးတွင် အဝေးပြေးယာဉ်ပိုင်ရှင်များဘက်မှ သင်္ကြန်ကာလအတွင်း အပြန်ခရီးသည်မရှိခြင်းနှင့် အထွေထွေကုန်ကျစရိတ်များခြင်းကြောင့်ဟု အကြောင်းပြကာ ပုံမှန်စျေးဖြင့် ပြေးဆွဲရန် အဆင်မပြေဟု ယာဉ်ပိုင်ရှင်များဘက်မှပြောဆိုနေကြကြောင်းသိရသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YRTA) တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက “တစ်ခုမှကိုဆုံးဖြတ်ချက်မပြတ်သေးပါဘူး" ဟုပြောဆိုသည်။

အဝေးပြေးနှင့် ရန်ကုန်မြို့တွင်း ယာဉ်စီးခနူန်းထားများကို သင်္ကြန်ကာလအတွင်း မည်သို့ သတ်မှတ် အရေးယူသွားမည်ကို YRTAက မဆုံးဖြတ်ရသေးပေ။

သို့သော်လည်း အဝေးပြေးယာဉ်စီးခနူန်းထားများနှင့်ပတ်သက်၍ တစ်ရက်၊ နှစ်ရက်အတွင်း ဆုံးဖြတ် အဖြေရှာဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YRTA) မှသိရသည်။

ယာဉ်စီးခနှုန်းထားများ မသတ်မှတ်ရသေးသောကြောင့် အဝေးပြေးယာဉ်လိုင်းအများစုအနေဖြင့် ကားလက်မှတ်များကို မရောင်းချကြသေးသော်လည်း အချို့ယာဉ်လိုင်းများကတော့ ကြိုတင်လက်မှတ်များရောင်းချပြီးဖြစ်သည်။

မြန်မာ့ရိုးရာ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်များတွင် နေရပ်ပြန်သည့်သူများသည့်အပေါ် အခွင့်ရေးယူ စျေးနူန်းတင်ရောင်းချမှုများ နှစ်စဉ်ဆက်တိုက်ကြံုတွေ့ခဲ့ရပြီး ယခုနှစ်တွင် မဖြစ်စေရန် အစိုးရမှ ညှိနှိုင်းနေခြင်းဖြစ်သည်။

၂၀၁၅ သင်္ကြန်ပိတ်ရက်တွင် နယ်ဝေးခရီးစဉ်များအတွက် အဝေးပြေးကားလက်မှတ်ခနှုန်းထားများကို တစ်လခန့်အလိုမှစ၍ ကြိုတင်စျေးတင်ရောင်းချခဲ့ပြီး ၂၀၁၆ သင်္ကြန်ပိတ်ရက်တွင်မူ အဝေးပြေးလိုင်းကားခများ နှစ်ဆခန့်မြင့်တတ်သွားခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly