ရန်ကုန်၊ မတ် ၂၁ ။ ။ ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ အောက်ဘလောက်ရှိ လမ်း ၅၀ကွန်ဒိုမီနီယမ်ရှေ့က ကုမ္ပဏီတစ်ခုကို မတ်လ ၂၁ရက် နံနက် ၈နာရီအချိန်ခန့်က အမျိုးသားတစ်ဦးက ဝင်ရောက်ကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်ဟု ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
လမ်း ၅၀ အောက်ဘလောက် ၅ လွှာရှိ IT And Telecommunication Co. Ltd. တွင် ကုမ္ပဏီပိုင်ရှင် (အသက် ရ၁ အရွယ်) ဦးမင်းဆွေ (အငြိမ်းစားဗိုလ်ကြီး) တစ်ဦးတည်းရှိနေစဉ် အမည်မသိ အမျိုးသားတစ်ဦးက ဝင်ရောက်လာကာ ဓားဖြင့်ထိုးကာ အနုကြမ်းစီး တိုက်ခိုက်ခဲ့ကြေင်း သိရသည်။ ထိုသို့ အနုကြမ်းစီး တိုက်ခိုက်မှုကို ဘေးပတ်ဝန်းကျင် အခန်းများက သိရှိပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားသည့်အတွက် တိုက်ခိုက်ခံရသူမှာ အသက်ချမ်းသာရာ ရခဲ့ပြီး လူနာအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း အခင်းဖြစ်ပွားခဲ့ရာအခန်းအနီးနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။
ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက “မနက်စောစောက ဖြစ်တာ။ အခု လုံခြုံရေးကင်မရာ မှတ်တမ်းတွေ ကြည့်နေတယ်။ မသင်္ကာစရာတွေကို သက်ဆိုင်ရာက စစ်ဆေးနေတယ်။ ယောက်ျားတစ်ဦး၊ မိန်းမတစ်ဦး တွေ့ရတယ်။ ကင်မရာမှတ်တမ်းထဲမှာ။" ဟု မဇ္ဈိမသို့ ပြောသည်။
အနုကြမ်းစီးသူသည် ကုမ္ပဏီပိုင်ရှင်အား လက်နှင့်ခြေထောက်ကို ဓားဖြင့်ထိုးပြီး လက်စွပ်နှင့်ပိုက်ဆံအိတ် ယူဆောင်သွားကြောင်း ဗိုလ်တထောင်မြို့နယ် ရဲအရာရှိတစ်ဦးက ပြောသည်။
ဓါးဖြင့်အထိုးခံရသူကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး၊ ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှ အမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။