ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရဟာ တစ်နှစ်အတွင်း ဘာအပြောင်းအလဲတွေ လုပ်နိုင်ခဲ့လဲ

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရဟာ တစ်နှစ်အတွင်း ဘာအပြောင်းအလဲတွေ လုပ်နိုင်ခဲ့လဲ

ရန်ကုန်၊ မေ ၂၁ရက် ။               ။ လာမယ့် ဧပြီ ၁ရက်မှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ယန္တရားတစ်ခုလုံးကို ဦးဆောင်လာတာ တစ်နှစ် တင်းတင်းပြည့်ပြီဖြစ်ပါတယ်။

ဒီ တစ်နှစ်သား အစိုးရဟာ သူတို့ကြွေးကြော်ထားတဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အပြောင်းအလဲအတွက် ကြိုးစားလုပ်ဆောင်နေတာ အသိအမှတ်ပြုကြပေမယ့် မူဝါဒပေါ်လစီများ အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းမှုများ ရှိနေတယ်လို့လည်း ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့ပါတယ်။ သင်္ကြန်တွင်း ရုံးပိတ်ရက် သတ်မှတ်သည့် ကိစ္စများ၊ မြို့သစ်စီမံကိန်း ကိစ္စများအပြင် ထင်သာမြင်သာ ဥပမာတစ်ခုအဖြစ် ရှိနေခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ အများပိုင်ယာဉ်လိုင်းစနစ်(YBS) ဟာ ဖော်ဆောင်တဲ့ ရည်ရွယ်ချက် ကောင်းမွန်ပေမယ့် ပြည်သူလူထုအသံ ပါ၀င်မှု အားနည်းနေတယ်လို့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

"ပေါ်လစီတစ်ခုချမှတ်မယ်လို့ဆိုရင် လက်တန်းချလို့တော့မရဘူးဗျ၊ ဘာကြောင့် ဒီဟာတွေဖြစ်နေလဲဆိုတဲ့ အကြောင်းရင်း ဘာပြဿနာဖြစ်နေလဲဆိုတဲ့အကြောင်းရင်း ဘယ်သူတွေဆီက ဒါနဲ့ ပတ်သက်လို့ အယူအဆတွေ တိုင်ပင်မှုတွေ ဝေဖန်မှုတွေယူရမလဲဆိုတဲ့ အကြောင်းအရာကို အရင်ဆုံးရှာရပါမယ်" လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ အစိုးရဟာ ပြည်သူ့အစိုးရ လို့ ကြွေးကြော်မှုများ ရှိနေခဲ့ပေမယ့် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေတဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာများဟာ တစ်နှစ်ပြည့်အခြေအနေကို ရောက်ရှိလုနီးပါး ဖြစ်လာပေမယ့် မြင်သာထင်သာရှိတဲ့ အကျိုးကျေးဇူးကို မခံစားရသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးက ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့အစိုးရကတော့ ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့ ဆင်နဲ့ကျား မမိရင်တောင် ကြောင်နဲ့ကြွက် မိရင်တော့ တော်သေးတယ်လို့။ အခုတော့ ဆင်ဖမ်းမယ်ကျားဖမ်းမယ် ဟစ်ကြွေးပြီးတော့ လက်ရှိအနေအထားမှာ တစ်နှစ်ပြည့်တော့မယ်။ ကြောင်နဲ့ကြွက် ဖမ်းမိတာမျိုးတောင် မရှိသေးဘူး" လို့ ပြောပါတယ်။

ဒီမိုကရေစီသဘောသဘာဝအရ အစိုးရကို ထိန်းကျောင်းဖို့ လွှတ်တော်မှာ တာဝန်ရှိတယ်ဆိုပေမယ့် သူ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုအပိုင်းတွေကို ထိန်းကျောင်းစောင့်ကြည့်နိုင်တာမျိုးကို ဒီတစ်နှစ်တာကာလအတွင်းမှာ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ၄င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ Check and Balance လုပ်နိုင်တဲ့အပေါ်မှာ ကြိုးစားမှုက တော်တော်လည်း အားနည်းပါတယ်လို့ ကျွန်တော် ဝန်ခံပါတယ်"

ဒီတစ်နှစ်တာ ကာလအတွင်းမှာ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်တာမှာ မြင်သာထင်သာ ရှိတာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပါပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာလည်း ရှိနေသလို မြန်မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲများ ပိုမိုဖြစ်ပွားလာတာ ငြင်းစရာမလိုအောင် ဖြစ်နေခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြားမှာ ဝေဖန်ပြောဆိုမှုတွေက မြင့်တက်လာနေပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး မျှော်လင့်ထားတာတွေက သဲထဲရေသွန်သလိုမျိုး ခံစားမိနေတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦးဖြစ်တဲ့ မသဥ္ဇာရွှန်းလဲ့ရည်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စရပ်များနဲ့ ပတ်သက်ပြီး တစ်နှစ်တာကာလအတွင်းမှာ ဘယ်အဆင့်ထိရောက်နေပြီ၊ နောက်လေးနှစ်မှာ ဘယ်အဆင့်ထိ သွားမလဲ ဆိုတာမျိုးကို လမ်းပြမြေပုံပုံစံမျိုးနဲ့ ပြည်သူလူထုကိုချပြဖို့ လိုအပ်နေတယ်လို့ မသဥ္ဇာရွှန်းလဲ့ရည်ကဆိုပါတယ်။

"ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အားလုံးက မျှော်လင့်ထားကြချိန်မှာ ဘယ်အဆင့်ထိ ရောက်နေပြီလဲ ဆိုတာကို လမ်းပြမြေပုံလိုပုံစံမျိုးနဲ့ တိတိကျကျရှင်းပြပေးနိုင်မယ်ဆိုရင် အခုအချိန်မှာ လူထုကြားထဲမှာ မသင်္ကာမှုတွေ ယုံကြည်မှုတွေလျော့ပါးနေတဲ့ကိစ္စရပ်တွေ ပြန်ပြီး ဖာထေးမိမယ်လို့ထင်တယ်" လို့ မသဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

အစိုးရရော လွှတ်တော်ရော ပြည်သူလူထုပါ ပြောင်းလဲချင်နေကြပေမယ့် မူဝါဒများ ချမှတ်ရာမှာ အားလုံးအဆင်ပြေပြေ ပြောင်းလဲနိုင်မယ့် နည်းလမ်းကို ရှာဖွေတာ အဓိက အကျဆုံး ဖြစ်ပြီး၊ ပြောင်းလဲဖို့အတွက်က အားလုံးလိုက်ပါနိုင်မှု အခြေအနေအပေါ်မှာ မူတည်တယ်လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

"စနစ်ပြောင်းဖို့လည်းကြိုးစားပါ၊ အကျင့်ပြောင်းဖို့အတွက်လည်း ကိုယ်တိုင်လည်းလုပ်ဆောင်ပါ။ ပြောင်းဖို့အတွက်ကတော့ လူတိုင်းရဲ့တာဝန်ဖြစ်ပါတယ်"

ဒါအပြင် မူဝါဒချမှတ်တဲ့အစိုးရအနေနဲ့ တစ်ခုခုကို အကောင်အထည်ဖော်ဆောင်ရွက်လိုက်တဲ့အခြေအနေမျိုးတွေမှာ လုပ်ဆောင်လိုက်တဲ့ အလုပ်ကို တန်ဖိုးထားပြီး ပြည်သူလူထုဆီက ပြန်လာတဲ့ အသံတွေကို ပိုပြီး နားထောင်တတ်တဲ့ အလေ့အထကောင်းတွေ မွေးဖို့ လိုအပ်တယ်လို့ မသဥ္ဇာရွှန်းလဲ့ရည်က အကြံပြုပြောဆိုပါတယ်။

အစိုးရအနေနဲ့ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ လုပ်ဆောင်တာ ဖြစ်နိုင်ပြီး အဲ့ဒီအတွက်ကြောင့် ရလဒ်များ ကောင်းမွန်လာတာကို ထင်သာမြင်သာ တွေ့မြင်ရခြင်းများ မရှိသေးဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိနေပါတယ်။

ဒီလိုပုံစံမျိုးနဲ့သာ ဆက်သွားမယ်ဆိုရင် အခု ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခြေအနေကောင်းနိုင်သေးပေမယ့် ၂၀၂၀ ရွေးကောက်ပွဲဆိုရင်တော့ မသေချာဘူးလို့ ဦးကျော်ဇေယျက ဆိုပါတယ်။

"အခုပထမနှစ်ကုန်သွားပြီး နောက်လာမယ့်လေးနှစ်လည်း ဒီလိုသာရှိနေရင်တော့ ၂၀၂၀ တော့ နည်းနည်းလေး so sorry ဖြစ်ရင်ဖြစ်မှာပေါ့"

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly