တောင်ဆူဒန်နိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပျက်ကျ၍ ၃၇ ဦးထက်မနည်း ဒဏ်ရာရရှိ

တောင်ဆူဒန်နိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပျက်ကျ၍ ၃၇ ဦးထက်မနည်း ဒဏ်ရာရရှိ

မတ် ၂၁ ။             ။ တောင်ဆူဒန်နိုင်ငံ အနောက်မြောက်ပိုင်း Wau မြို့တွင် မတ်လ ၂၀ ရက်က ခရီးသည်တင်လေယာဉ်တစ်စင်း လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျခဲ့၍ အနည်းဆုံး ခရီးသည် ၃၇ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။

South Supreme Airlines ပိုင် အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် အယောက် ၄၀ နှင့် လေယာဉ်အမှုထမ်း ၅ ဦး တို့ လိုက်ပါလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြို့တော် Juba မှတဆင့် ထွက်ခွာပျံသန်းလာခဲ့ခြင်း ဖြစ်ကြောင်း လေကြောင်းလိုင်း မန်နေဂျာ Gabriel Ngang က ပြောသည်။

" လောလောဆယ် ခရီးသည် ၃၇ ယောက်ကို ဆေးရုံပို့ပေးထားပါပြီ၊ အများစုကတော့ ပြန်တောင်ဆင်းသွားကြပါပြီ" ဟု အစိုးရ ပြန်ကြားရေးဝန်ကြီး Bona Gaudensio က ပြောသည်။

ယခု ဖြစ်စဉ်တွင် သေဆုံးသူ မရှိခဲ့ကြောင်းလည်း ၎င်းက အတည်ပြုပြောကြားသည်။

" ရာသီဥတုကြောင့် ခုထိ မြင်ကွင်းကို ရှင်းရှင််းလင်းလင်း မမြင်ရသေးဘူး၊ လေယာဉ်က အရှေ့ဘက်ကနေ အနောက်ဘက်ကို ဦးတည်ပျံသန်းလာရင်းနဲ့ ဆင်းလာတာပါ၊ အဲဒီမှာ လေဆိပ် ပြေးလမ်းနားမှာ ပျက်ကျသွားခဲ့တာပါ၊ ကျွန်တော်ထင်ပါတယ်၊ လေယာဉ်မှူးက လေယာဉ်ပြေးလမ်းကို သိပ်ပြီး ကောင်းကောင်းမမြင်ခဲ့ရလို့ ခုလိုဖြစ်သွားတာဖြစ်ပါလိမ့်မယ်" ဟု Wau လေဆိပ်မှ အင်ဂျင်နီယာတစ်ဦးဖြစ်သည့် Paul Charles က ပြောသည်။

လေယာဉ်မှာ ပျက်ကျခဲ့ပြီးနောက် မီးလောင်ကျွမ်းသွားခဲ့ရာ ယခုအခါ လေယာဉ်အမြီးပိုင်းမှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံး ပြာကျသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly