၀င်ငွေစံချိန်များ ရရှိခဲ့သော Beauty and the Beast ရုပ်ရှင်ဇာတ်ကား

၀င်ငွေစံချိန်များ ရရှိခဲ့သော Beauty and the Beast ရုပ်ရှင်ဇာတ်ကား

ဒစ်စနေး၏ ကာတွန်းရုပ်ရှင်အား အသက်သွင်းရိုက်ကူးထားသော Beauty and the Beast ရုပ်ရှင်ဇာတ်ကား သည် ရုံဝင်ငွေဇယား (Box Office) ၌ စံချိန်များကို ရရှိနိုင်ခဲ့ပြီး စတင်ပြသသည့် စနေ၊တနင်္ဂနွေပိတ်ရက်မှာတင်  ကမ္ဘာတစ်ဝန်းရုံဝင်ငွေ အမေရိကန်ဒေါ်လာ သန်း၃၅၀ခန့် ရရှိခဲ့သည်။

အဆိုပါရုပ်ရှင်သည် မြောက်အမေရိက၌ ရုံဝင်ငွေ ဒေါ်လာသန်း ၁၇၀ ရရှိခဲ့ကာ စံချိန်များစွာကို လက်ရှိအချိန်၌ ချိုးဖျက်နိုင်ခဲ့သည်။ Beauty and the Beast သည် PG အဆင့်သတ်မှတ်ထားသော ရုပ်ရှင်များအတွက် ပိတ်ရက်အတွင်း ပွဲဦးထွက်ပြသမှု၌ ရုံဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်လာသည်။ ဒါ့အပြင် ပွဲဦးထွက်ပြသမှု၌ ရုံဝင်ငွေအများဆုံး ရရှိသည့် ဇာတ်ကားများစာရင်းတွင် နံပါတ် ရ နေရာသို့ ရောက်ရှိလာခဲ့သည်။

မြောက်အမေရိကန် Box Office ဇယား၌ နံပါတ်တစ်နေရာမှ ရပ်တည်နေသော Beauty and the Beast ဇာတ်ကားအတွက် အနီးကပ်ဆုံးပြိုင်ဘက်မှာ ရုံဝင်ငွေ ဒေါ်လာ ၂၈.၉သန်း ရရှိခဲ့သော ဒုတိယနေရာမှရပ်တည် နေသည့် Kong: Skull Island ဇာတ်ကားဖြစ်သည်။

Beauty and the Beast သည် ဒစ်စနေးမှ ထုတ်လုပ်သော ကာတွန်းဇာတ်ကားများကို အသက်သွင်းရိုက်ကူး ထားသည့် ရုပ်ရှင်များ၏ ရုံဝင်ငွေစာရင်း၌ The Jungle Book၊ Cinderella နှင့် Alice in Wonderland တို့ကို ကျော်ဖြတ်ကာ ထိပ်ဆုံးမှ ရပ်တည်နိုင်လျက်ရှိသည်။

ဗြိတိန်၌လည်း ရုံဝင်ငွေ စတာလင်ပေါင် ၁၈.၄ သန်းခန့် ရရှိခဲ့ကာ ပိတ်ရက်အတွင်း ပွဲဦးထွက်ပြသမှု ရုံဝင်ငွေ အကောင်းဆုံးစာရင်း၌ နံပါတ်ငါးနေရာမှ ရပ်တည်နေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly