လက်ရွေးစင် ကစားသမားဘဝမှ အနားယူရန် အသင်းခေါင်းဆောင် ခင်မောင်လွင် စီစဉ်

လက်ရွေးစင် ကစားသမားဘဝမှ အနားယူရန် အသင်းခေါင်းဆောင် ခင်မောင်လွင် စီစဉ်
လက်ရွေးစင်အသင်းမှ အနားယူတော့မည် မြန်မာအသင်းခေါင်းဆောင် ခင်မောင်လွင်။

ဇူလိုင် ၂၈၊ ရန်ကုန် ။        ။ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် ခင်မောင်လွင်သည် လူငယ်ကစားသမားများကို နေရာပေးလိုသည့်အတွက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် စီစဉ်ထား သည်ဟု ကာယကံရှင်က ဖွင့်ဟသည်။

 ခင်မောင်လွင်သည် မြန်မာနေရှင်နယ်လိဂ် စတင်ချိန်၌ ကမ္ဘောဇအသင်းတွင် ကစားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ရန်ကုန်အသင်းသို့ ပြောင်းရွေ့ကာ လက်ရှိတွင် ရန်ကုန်ယူနိုက်တက်ကလပ်အသင်း၌လည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်သည်။ ထို့အပြင် ၎င်းသည် မြန်မာ့လက်ရွေးစင်အသင်းတွင် ၂၀၀၆ ခုနှစ်မှ စတင်ကာ ပွဲပေါင်း ၆၂ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး လေးဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်သည်။

လက်ရွေးစင်ကစားသမားဘ၀ အနားယူရန် စီစဉ်ဖြစ်ပုံနှင့် ပတ်သက်၍ “ ကျွန်တော့် အသက်အရွယ်ကြောင့် လက်ရွေးစင်ကစားသမားဘဝက နားဖို့ ဆုံးဖြတ်လိုက်တာပါ။ နောက်ပြီး လူငယ်ကစား သမားလေးတွေကို နေရာပေးချင်တာလည်း ပါပါတယ်။ နည်းပြကိုလည်း ပြောဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်အသင်းမှာတော့ အနားမယူသေးပါဘူး။ စာချုပ်ပြည့်တဲ့အထိ ဆက်ကစားသွားမှာပါ။

ကစားသမားဘ၀ အနားယူဖို့ကိုတော့ မစဉ်းစားရသေးပါဘူး။ လက်ရွေးစင်အသင်းက လူငယ်ကစားတွေနဲ့လည်း နည်းပြမှာကြားတဲ့အတိုင်းကစားရင် ခြေစစ်ပွဲအောင်နိုင်ပါတယ် ” ဟု ခင်မောင်လွင်က သူ၏ ဆုံးဖြတ်ချက်ကို ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် အေဗရာမိုဗစ်၊ လက်ထောက်နည်းပြ အဖြစ် ဦးကြည်လွင် တို့က တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပြီး လာမည့် သြဂုတ်လမှ စတင်၍ အသင်းကို ကစားသမားအပြောင်းအလဲပြုလုပ်ကာ လေ့ကျင့်မှုများပြုလုပ်ရန် စီစဉ်ထားသည်။ မြန်မာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ် နှစ်ပွဲ ကစားထားပြီး လာအိုအသင်းကို ၂-၂ ဂိုးဖြင့် သရေ တောင်ကိုရီးယားအသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly