ဂွါတီမာလာက လူငယ်ထိန်းသိမ်းရေးစင်တာတွင် အစောင့်နှစ်ဦးကို သတ်ပြီး လေးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ဂွါတီမာလာက လူငယ်ထိန်းသိမ်းရေးစင်တာတွင် အစောင့်နှစ်ဦးကို သတ်ပြီး လေးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ဂွါတီမာလာစီးတီး၊ မတ် ၂၁ ။                   ။ ဂွါတီမာလာနိုင်ငံရှိ လူငယ်ထိန်းသိမ်းရေးစင်တာတွင် ဆူပူအုံကြွမှုတစ်ရပ်အတွင်း လူငယ်အကျဉ်းသားများက အစောင့်နှစ်ဦးကို သတ်ပြီး အခြားလေးဦးကို ဓားစာခံလုပ်ထားကြောင်း ရဲက မတ် ၂၀ ရက်တွင် ပြောသည်။

မြို့တော် ဂွါတီမာလာစီးတီး အရှေ့ဖက် စိန့်ဂျိုးပင်နုလာမြို့က Stage 2 ယောက်ကျားလေးများ ထိန်းသိမ်းရေးစင်တာ၌ မတ် ၁၉ ရက်နှောင်းပိုင်းတွင် ဆူပူမှုဖြစ်ပွားခြင်းဖြစ်သည်။

ထိုအရပ်နားရှိ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာတစ်ခု မီးလောင်ကျွမ်းကာ မိန်းကလေးအယောက် ၄၀ သေဆုံးပြီးနောက် သီတင်းနှစ်ပက်အတွင်း ယခုထိန်းသိမ်းရေးစင်တာ၌ ဆူပူမှုဖြစ်ပွားခြင်းဖြစ်သည်။

စင်တာတွင် အစောင့်တစ်ဦး သတ်ဖြတ်ခံရကြောင်းကို အမျိုးသားရဲဌာနပြောခွင့်ရသူ ပါဘလိုက ပြောသည်။ သီးခြားရဲသတင်းရင်းမြစ်တစ်ရပ်က နောက်ထပ်ဒုတိယမြောက် အစောင့်တစ်ဦး အသတ်ခံရကြောင်း နောက်ပိုင်း၌ အေအက်ဖ်ပီသို့ အတည်ပြုသည်။

“အစောင့်လေးဦးကို ဓားစာခံလုပ်ထားဆဲဖြစ်ပါတယ်။”ဟု ပါဘလိုက အေအက်ဖ်ပီသို့ ဆိုသည်။

အဆိုပါ ထိန်းသိမ်းရေးစင်တာတွင် ဆူပူမှုဖြစ်အောင် လူဆိုးဂိုဏ်း Barrio 18 က အဖွဲ့ဝင် ၄၀ ခန့်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ဆိုသည်။

စင်တာအတွင်း အကျဉ်းသားလူငယ်များက မီးရှို့ကြခြင်းများကြောင့် အကျဉ်းသားနှစ်ဦး မီးလောင်ထိခိုက်ဒဏ်ရာရကြောင်း အရေးပေါ်ဌာနက ပြောသည်။

စင်တာအတွင်း ဆံပင်တိုကပ်စွား ညှပ်ထားသည့် အကျဉ်းသားများကို ပြတင်းပေါက်များ၊ တံခါးများနားတွင် လှမ်းမြင်ရပြီး လက်နက်ကိုင်ရဲတပ်ဖွဲ့က အပြင်ကနေ၍ ကင်းလှည့်စောင့်ကြည့်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly