မောင်တော၌ တစ်ရက်အတွင်း WY အပြား ၂ သိန်းခန့် ဖမ်းဆီးရမိ

မောင်တော၌ တစ်ရက်အတွင်း WY အပြား ၂ သိန်းခန့် ဖမ်းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

မတ်၂၀ ။            ။ မောင်တောမြို့နယ် နတ်မြစ်အတွင်း၌  မတ် ၂၀ ရက်က မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့်  လက်ခတ်လှေ တစ်စီးနှင့် မြို့မတောင်ရပ်ကွက်အတွင်းမှ WY အပြား ၂ သိန်းခန့် ဖမ်းဆီးရမိခဲ့သည် ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။

 ဖြစ်စဉ်မှာ တပ်မတော်(ရေ) မှ  မတ်လ ၂၀ ရက် နံနက် ၃နာရီ ကျော်တွင် နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်နေရာမှ တုံးချောင်းဝအရောက်တွင် မိမိနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှော်ခတ်နေသော မသင်္ကာဖွယ် လက်လှော်လှေ ၁စီးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါလှေအား လိုက်လံ ဖမ်းဆီးခဲ့ရာ တုံးချောင်းဝအနောက်ဘက် မြန်မာ့ရေပိုင် နက်အတွင်း ဖမ်းဆီးရမိပြီးလှေပေါ်မှ လူ ၄ ဦးနှင့် အတူ ဆာလာအိတ်ဖြင့် ထုတ်ပိုးထားသည့် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသူများနှင့်အတူပါလာသည့် ဆာလာအိတ်များအား မောင်တော မြို့နယ် POE စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့များက ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WY ဆေးပြား ၁၈၅၀၀၀ပြား (ကာလတန်ဖိုး ကျပ် ၃၇၀၀၀၀၀၀၀ ) ခန့် သိမ်းဆည်းရမိသည်။

အလားတူ မတ်လ ၂၀ ရက် နံနက် ရ နာရီတွင်  မောင်တောမြို့ မြို့မတောင်ရပ်ကွက် ငါးခူရရွာနေ မောင်လှဝင်း(ခ) မာမွတ်ယီယာစ် ၃၂ နှစ်၏ နေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ် အောက်ခန်း စားပွဲခုံအောက်မှ WYဆေးပြား ၉၇၅၀ ပြား၊( ကာလတန်ဖိုး ကျပ် ၁၉၅၀၀၀၀၀ခန့်) နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုုံးပြုသော Honor အမျိုးအစား ဖုန်းတစ်လုံး တို့အား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေး ယူဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly