ဖိလစ်ပိုင် သမ္မတက ရခိုင်ပြည်နယ်အတွက် ကန်ဒေါ်လာ သုံးသိန်း လှူဒါန်း

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍတွင် နာမည်ကျော်သည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးက ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သုံးသိန်း လှူဒါန်းလိုက်သည်။

သမ္မတဦးထင်ကျော်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး မတ်လ ၂၀ရက်၊ မွန်းလွဲပိုင်းတွင် ထိုသို့ လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးကဏ္ဍနှင့် ဒေသနှင့် ကိုက်ညီသည့် စပါး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ အသက်မွေးပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာ အကူအညီပေးရေး၊ ရခိုင်ပြည်နယ်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

အလားတူ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အပြန်အလှန် ဆွေးနွေးကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဦးမင်းသူ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ယင်းနောက် ညနေ ၆နာရီတွင် သမ္မတဦးထင်ကျော်က သမ္မတအိမ်တော်တွင် ဂုဏ်ပြုညစာစားပွဲဖြင့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား တည်ခင်းဧည့်ခံခဲ့သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအတွက် ကူညီရန်အသင့်ရှိနေကြောင်း ဖိလစ်ပိုင်သမ္မတက ဂုဏ်ပြုညစာစားပွဲတွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတသည် မတ်လ ၁၉ရက်၊ ညဦးပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့ည လေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဆက်လက်ထွက်ခွာရန်ရှိနေသည်။