အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုက "အမဲကနေ အဖြူဖြစ်သွားတယ်မဟုတ်သေးသော်လည်း အမဲကနေ အဖြူမဖြစ်ခင် အညိုရောင်တို့ တဖြေးဖြေး ကူးနေတဲ့သဘောကိုပြတာပဲ"ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော

အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုက "အမဲကနေ အဖြူဖြစ်သွားတယ်မဟုတ်သေးသော်လည်း အမဲကနေ အဖြူမဖြစ်ခင် အညိုရောင်တို့ တဖြေးဖြေး ကူးနေတဲ့သဘောကိုပြတာပဲ"ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော

မင်္ဂလာပါ မဇ္ဈိမပရိတ်သတ်များခင်ဗျာ။ ဒီနေ့ တွေ့ဆုံဆွေးနွေးသွားမယ့်သူကတော့ ဗိုလ်မှူးကြီး ခွန်ဥက္ကာပဲ ဖြစ်ပါတယ်။ သူကတော့ Union Peace & Dialogue Joint Committee (UPDJC) Member တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ဒီနေ့ ဆွေးနွေးမယ့် အကြောင်းအရာက ဘာလဲဆိုတော့ အစိုးရ ပြည်သူ့အစိုးရ တက်လာတဲ့အခါမှ တစ်နှစ်ပြည့်ပြီ၊ တစ်နှစ်ပြည့်တဲ့ အခါမှာ ဘာတွေများ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ခဲ့လဲ။ နောက်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရော ဘယ်လောက်ထိ ဆက်ပြီး သွားနိုင်အုံးမလဲ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဦးဆောင်မှု အခန်းကဏ္ဍပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်နိုင်မှု အခန်းကဏ္ဍက ဘယ်လောက်ထိ နိုင်ငံတစ်ခုကို ဦးဆောင်နိုင်မလဲ တပ်မတော်အပေါ်မှာရော ဘယ်လောက်ထိ သြဇာသက်ရောက်နိုင်မလဲဆိုတာကို ဒီအချက်အလက် အကြောင်းအရာတွေကို ကျွန်တော် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မျိုးသန့်(Mizzima Media)

အန်ကယ် မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ပထမဆုံး မေးချင်တာက ကျွန်တော်တို့ ပြည်သူ့ အစိုးရလို့ ခေါ်ကြပါစို့နော်။ ဒါဟာ ပြည်သူ့လူထုရဲ့ မဲပေးမှုနဲ့ တက်လာတဲ့ အစိုးရ တစ်ရပ်အနေနဲ့ တစ်နှစ် ပြည့်ပြီလေ။ အဲတော့ အန်ကယ်အနေနဲ့ အပြင်ကနေ ကြည့်လို့ ရှိရင် ရွေးကောက်ပွဲ စဝင်ကတည်းက ပြောင်းလဲချိန်တန်ပြီ ဆိုပြီးတော့ ဝင်လာတာကိုး။ ဆိုတော့ ဘာတွေများ ပြောင်းလဲလာပြီလဲ ဘာတွေများ ပြောင်းလဲဖြစ်ခဲ့ပြီလဲ။ လူမှုဘဝတွေ ဘာတွေများ ပြောင်းလဲတိုးတက်လာပြီလဲပေါ့နော် အပြင်ကနေကြည့်ရင်ပေါ့။

ခွန်ဥက္ကာ(UPDJC)

ဒီ တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကတော့ ပုံမှန်အားဖြင့် တဖြည်းဖြည်းနဲ့ တိုးတက်လာတာ တွေ့ရတယ်။ ထင်သာမြင်သာ တစ်ခါတည်း နေ့ချင်းညချင်း တိုးတက်မှုကတော့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ် ၆၀ ပြည်တွင်းစစ်ကြောင့် ပြိုကွဲနေတဲ့ စနစ်တွေပေါ့။ စနစ်တွေက ပြိုကွဲနေတယ်။ လူမှုအဖွဲ့စည်းတွေက ပြိုကွဲနေတယ်။ တစ်ချို့ဆိုရင် ကျွန်တော်တို့ ဗမာပြည် လူအဖွဲ့အစည်းက ဖျားနာနေတဲ့ အဖွဲ့စည်းလို့ ဖြစ်နေတယ်။ အဲလို ဖျားနာနေတဲ့ လူအဖွဲ့အစည်းကို ပြောင်းလဲချိန်တန်ပြီ ဆိုလို့ ပြောင်းလဲတယ်ဆိုပေမယ့် ပြောင်းလဲဖို့ ကြိုးစားတဲ့ ကာလပဲ ဖြစ်ပါတယ်။ လက်ညိုးထိုးပြစရာ ပြောင်းလဲတာ မရှိသေးပေမယ့် ပြောင်းလဲဖို့ ကြိုးစားတဲ့ ကာလဆိုရင်တော့ မှန်တယ်။ နောက်တစ်ခုက ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဒီနေရာမှာ ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုတာ ဒီ ကြိုးစားမှုကိုတော့ ကျွန်တော်တို့ တွေ့ရတယ်။

ဥပမာ သုံးလေးချက် ကြည့်ရင်ပေါ့လေ။ ပြည်သူလူထုအတွက် အကျိုးမရှိတဲ့ ဥပဒေတွေ ပြဌာန်းချက်တွေ တော်တော်များများ ရုတ်သိမ်းပစ်လိုက်တယ်။ ဒါဟာ ပြောင်းလဲတာပဲ။ နောက်တစ်ခါ ကျွန်တော်တို့ ဒီယခင်ရှိခဲ့တဲ့ ဖွံ့ဖြိုးရေး စီမံချက်တွေပေါ့။ အဲဒါတွေကိုလည်းပဲ လူထုနဲ့ အနီးစပ်ဆုံး လူထုကို တကယ့် အကျိုးဖြစ်စေတဲ့ လုပ်ငန်းကို ဦးစားပေးပြီးတော့ နောက်ပိုင်းမှာ ပြောင်းလဲလိုက်တာပေါ့။ အဲဒါတွေ တွေ့ရတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပွင့်လင်းမြင်သာမှုကို ပြောရင်တော့ ပွင့်လင်းမြင်သာမှုက ရာခိုင်နှုန်းပြည့် မဟုတ်သော်လည်း ဟိုအစိုးရဟောင်း လက်ထက်ကထက်စာရင်တော့ ပွင့်လင်းမြင်သာမှု ပိုအားကောင်းလာတယ်။ အဲဒါမျိုးပေါ့။ ဒါတွေကတော့ ကျွန်တော်တို့ အဖြူကနေ အမဲဖြစ်သွားတဲ့ အမဲကနေ အဖြူဖြစ်သွားတယ်မဟုတ်သေးသော်လည်း အမဲကနေ အဖြူမဖြစ်ခင် အညိုရောင်တို့ တဖြေးဖြေး ကူးနေတဲ့ သဘောကို ပြတာပဲ။

ဥပမာ တစ်ခုပဲ ရှင်းရှင်းလင်းလင်း ပွင့်လင်းမြင်သာမှုကို ပြောရင် သမ္မတကြီး ဦးသန်းစိန် လက်ထက်က ငြိမ်းချမ်းရေး အထောက်အကူပြုဖို့ဆိုပြီး MPC ကို ဖွဲ့ခဲ့တယ်။ ဒီ MPC က ဝင်ငွေ ဘယ်လောက် ရှိလဲ။ ဘယ်လိုသုံးလဲ။ MPC ဝန်ထမ်းတွေဟာ ဘယ်လောက်ယူလဲ ဘယ်သူမှ မသိဘူး။ သို့သော် အခု NRPC ဖွဲ့တယ်။ သူ့နေရာ အစားထိုးဖို့ လုပ်အား အကြံဉာဏ်အား ယန္တရားကတော့ လည်ပတ်မှု  အားကောင်းချင်မှ ကောင်းမယ်။ သို့သော် ပွင့်လင်းမြင်သာမှု ရှိတယ်။ ဒီ NRPC ဟာ ဘတ်ဂျတ် ဘယ်လောက်လိုလဲ။ ကျွန်တော်တို့ကိုလည်း ပေးသိတယ်။ ဥပမာ ဒီနှစ် NRPC ရဲ့ ၁၈ လစာ ဘတ်ဂျတ် ၂ဒသမ၅ သန်းပေါင်း US ဒေါ်လာ ဒါကျွန်တော်တို့ ရှေ့မှာ ဆုံးဖြတ်တာပဲ ကျွန်တော်တို့လည်းပါတယ်။ ဝင်ထိုင်နေရတယ်။ ကျွန်တော်တို့လည်း မျက်နှာစုံညီ NRPC ဆိုတဲ့ အဖွဲ့အစည်းဟာ ဘယ်လောက်လိုတယ်။ ဝန်ထမ်းက ဘယ်လောက်ခန့်တယ်။ ငွေဘယ်လောက် သုံးတယ်။ ဒါအစိုးရ လုပ်ငန်း သူပေးမသိချင်လည်း ရတယ်။ သို့သော် ဒါ မင်းတို့လည်း ပေး မင်းတို့လည်း ဘယ်လောက်လိုလဲပြော။ အဲလိုပေါ့လေ ပွင့်လင်းမြင်သာမှုက တစ်စုံတစ်ရာတော့ တိုးလာတယ်။ ဒါပေမယ့် ဒီတစ်တိုင်းပြည်လုံး လူပိန်းကြိုက် ပြောရင်လည်း ရတာပေါ့ဗျာ။ ဗြန်းဒိုင်းနဲ့တော့ မဖြစ်ဘူးပေါ့။ ဒါပေမယ့် ဦးတည်နေတယ်ဆိုတာတော့ ပြောနိုင်တယ်။ ပြောင်းလဲချိန်တန်ပြီ အပြောင်းလဲတွေအတွက် ဦးတည်နေတယ်။ အပြောင်းအလဲတွေ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်သွားဖို့အတွက် ပြင်ဆင်နေတယ်။ အပြောင်းအလဲတွေအတွက် ပြင်ဆင်ရေး ကာလလို့ ပြောလို့ ရတာပေါ့။

အပိုင်း ၂ အစိုးရ နှစ်ရပ်ခြားနားချက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆက်ဆံရေး အခြေအနေ နှင့်
အပိုင်း ၃ လက်ရှိအစိုးရနဲ့ တပ်မတော် ဆက်ဆံရေးအခြေအနေနဲ့ ငြိမ်းချမ်းရေးအခြေအနေ နဲ့ လေးနှစ်တာကျန်ရှိတဲ့ အစိုးရအပေါ် အကြံပြုချက် တို့ကို ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly