လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကန့်ကွက်မှုကြောင့် ရန်ကုန်တိုင်းတရားသူကြီးအဖွဲ့ဝင် ခန့်အပ်မည့်အစီစဉ် ရွေ့ဆိုင်း

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကန့်ကွက်မှုကြောင့် ရန်ကုန်တိုင်းတရားသူကြီးအဖွဲ့ဝင် ခန့်အပ်မည့်အစီစဉ် ရွေ့ဆိုင်း

ရန်ကုန်၊ မတ် ၂၀ ။             ။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး(၁)ဦး အစားထိုးတာဝန်ပေးအပ်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မတ် ၂၀ရက်တွင် ကျင်းပသည့် လွှတ်တော်၌ အမည်စာရင်တင်သွင်းခဲ့သော်လည်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ကန့်ကွက်မှုကြောင့် အဆိုပါအမည်စာရင်းတင်သွင်းခြင်းကို ခေတ္တဆိုင်င့ံထားခဲ့သည်။

အဆိုပါ တရားသူကြီးအား လေ့လာရန် လွှတ်တော်ကိုယ်စားလှယ်များအား ပေးထားသည့် ကိုယ်ရေးရာဇဝင်သည် ပြည့်စုံမှုမရှိဘဲ ပေးထားသည့် အချိန်ကာလသည် တိုတောင်းခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

"တရားရေးမဏ္ဍိုင်က အရေးကြီးတယ်လေ၊ တရားသူကြီးရဲ့ ကိုယ်ရေးရာဇဝင် ပြည့်ပြည့်စုံစုံကို လွှတ်တော်ကိုယ်စားလှယ်တွေကို ချပြမယ်။ လေ့လာဖို့အချိန်ပေးမယ်၊ နှစ်ရက်တန်သည် သုံးရက်တန်သည် လေ့လာရမယ်၊ အဲ့လိုလေ့လာခွင့်ရအောင် အန်ကယ်က ကန့်ကွက်ခြင်းဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး တရားသူကြီး၏ ကိုယ်ရေးရာဇဝင်အသေးစိတ်ကို လေ့လာရန် ပြန်လည်ပေးပို့သွားမည်ဖြစ်ကာ နောင်သင့်တော်သည့် အချိန်မှ လွှတ်တော်၌ တင်ပြပြီး ခန့်အပ်နိုင်ရေး စီစဉ်မည်ဆိုလျှင် အဆင်ပြေနိုင်မည်ဟု နယ်စပ်ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်စား လွှတ်တော်၌ ပြန်လည်ဖြေရှင်းချက်ပေးခဲ့သည်။

မတ်လ ၂၀ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကျန်းမာရေးအခြေအနေကြောင့် လွှတ်တော် တက်ရောက်နိုင်ခြင်းမရှိဘဲ ရက်သတ္တပတ် တစ်ပတ်ခွင့်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly