၁၀နှစ်အတွင်း မကွေးတိုင်း၌ မီးလောင်မှုကြောင့် ကျပ်သိန်းပေါင်း ၁၄,၀၀၀ကျော်ဆုံးရှုံး

၁၀နှစ်အတွင်း မကွေးတိုင်း၌ မီးလောင်မှုကြောင့် ကျပ်သိန်းပေါင်း ၁၄,၀၀၀ကျော်ဆုံးရှုံး

မကွေး၊ မတ် ၂၀ ။              ။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ၁၀နှစ်တာ ကာလအတွင်း မီးလောင်ဆုံးရှုံးမှုကြောင့် ကျပ်သိန်းပေါင်း ၁၄,၀၀၀ကျော် ဆုံးရှုံးခဲ့ရသည့်အပြင် လူမှုဘဝများစွာ နစ်နာခဲ့ရကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

၁၀ နှစ်တာ ကာလအတွင်း မီးလောင်မှု အကြိမ်ရေ (၉၉၅)ကြိမ် ဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ပြည်သူ (၂ဝ,၁၁၆) ဦး၊ သေဆုံးသူ( ၁၃၉) ဦး၊ ဒဏ်ရာရသူ (၁၈၅)ဦး၊ သေဆုံးတိရိစ္ဆာန် (၁၀၈၆)ကောင် နှင့် ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း (၁၄၄၃၉ )သိန်းရှိခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

မီးလောင်မှုဖြစ်စဉ်များမှာ ပေါ့ဆမီးကြောင့် အများဆုံးဖြစ်ပြီး အကြိမ် (၄၀၈)ကြိမ်ရှိခဲ့သည်။ အခြားသော အကြောင်းအရာများအနေဖြင့် မီးဖိုမီးကြောင့် (၃ဝ၆) ကြိမ်၊ လျှပ်စစ်မီးကြောင့် (၁၁၉) ကြိမ်၊ မသမာသူ ရှို့မီးကြောင့် အကြိမ် (၁ဝဝ)၊ တောမီး (၄၉) ကြိမ်၊ အလိုအလျောက်မီး (၁၂) ကြိမ်၊ မိုးကြိုးပစ်မီး(၁)ကြိမ် ဖြစ်ပွားခဲ့သည်။

တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က "မီးဘေးအ္တရာယ်တွေကို ကာကွယ်ဖို့ ခေတ်မီအသုံး အဆောင်ပစ္စည်းတွေ ရှိသင့်သလောက် ရှိနေပါပြီ၊ မီးသတ်တပ်ဖွဲ့ကို လေ့ကျင့်သား ပြည့်ဝအောင် စီမံထားပြီး အလွှာပေါင်းစုံမှာ ပညာပေးတာတွေ၊ သရုပ်ပြလေ့ကျင့် တာတွေကို ဆောင်ရွက်နေပါတယ်။ ပြည်သူတွေရဲဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးမှုနည်းအောင်၊ မဆုံးရှုံးရအောင် ကာကွယ်ပေးသွားမှာပါ" ဟု ပြာသည်။

ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ၂ဝဝ၇ ခုနှစ်တွင် ကျပ်သိန်းပေါင်း (၃၈၄၆)သိန်းကျော်၊ ၂ဝ၁၆ခုနှစ်တွင် ကျပ်သိန်းပေါင်း (၂၇၆၆) သိန်းကျော်နှင့် ၂ဝ၁၂ ခုနှစ်တွင် ကျပ်သိန်းပေါင်း (၂၄၉၅) သိန်းကျော်ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ပြောသည်။

မကွေးတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြည်သူများအနေဖြင့် မီးအာမခံထားရမည့်အသိ နည်းနေသေးကြောင်း ဖြည့်စွက်ပြောသည်။

"အာမခံထားဖို့အစီအစဉ်ကတော့ ဦးစားပေးအဆင့်မှာ မရှိသေးဘူး။ ငွေပိုကုန်တယ်လို့ မှတ် ယူနေကြတယ်" ဟု ဝန်ကြီးက ပြောသည်။

မီးလောင်မှုအများဆုံးကာလများမှာ မတ်လနှင့် ဧပြီလများဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မတ်လတွင် (၄၁) ကြိမ်၊ ဧပြီလတွင် (၂၆) ကြိမ်နှင့် ၂ဝ၁၆ ခုနှစ် မတ်လတွင် (၂၅) ကြိမ်၊ ဧပြီလတွင် (၃၉) ကြိမ်တို့ ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ခရိုင်ငါးခုရှိပြီး ၂ဝ၁၅ ခုနှစ်တွင် မီးလောင်မှုအများဆုံးမှာ ပခုက္ကူခရိုင် နှင့် ဒုတိယအများဆုံး သရက်ခရိုင်၊ ၂ဝ၁၆ ခုနှစ်တွင် မီးလောင်မှုအများဆုံးမှာ မကွေးခရိုင်နှင့် ဒုတိယအများဆုံး ပခုက္ကူခရိုင်တို့ဖြစ်ကြောင်း မီးသတ် ဦးစီးဌာနမှတ်တမ်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly