နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခုကြောင့် လေးဦး သေဆုံး

နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခုကြောင့် လေးဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့စွန် ကျေးရွာတစ်ခုတွင် ပြီးခဲ့သည့် မတ်လ ၁၈ ရက်က တစ်ဦးထက်ပိုသော အသေခံဖောက်ခွဲရေးသမားများက ၎င်းတို့ကိုယ်ကို ဖောက်ခွဲသွားခဲ့ရာ အနည်းဆုံး လေးဦး သေဆုံးသွားခဲ့သည်။

ယင်းနေ့က အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ဖောက်ခွဲရေးသမားသုံးဦးတို့သည် မိုင်ဒူဂူရီမြို့ ပြင် အူမာရာရီ ရွာတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းကာ ယခုတိုက်ခိုက်မှုကို လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဘော်နိုပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တာ အီဆူကူ က ပြောသည်။

" သူတို့က သူတို့ကိုယ်ပေါ်မှာ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေ ၀တ်လာကြတယ်၊ ပြီးတော့ ရွာထဲဝင် နေရာစုံ ပတ်ပြေးပြီး ဖောက်ခွဲသွားတာပါ" ဟု အီဆူကူက ထပ်လောင်းပြောကြားသည်။

ယခု တိုက်ခိုက်မှုကြောင့် ကျေးရွာရှိ ကင်းသမားတစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် ကလေးနှစ်ဦး ပေါင်းလေးဦးတို့ သေဆုံးခဲ့ကြရကြောင်းနှင့် အခြား ရှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်ဟု သိရသည်။

ကျေးရွာမှ ကင်းသမားမှာ ၎င်းအသေခံဖောက်ခွဲရေးသမားများကို တားဆီးရန် ကြိုပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ အသက်ပေးသွားခဲ့ရခြင်းဖြစ်သည်။

ယခု တိုက်ခိုက်မှုကြောင့် တိုက်ခိုက်သူ သုံးဦးလည်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဘော်နိုပြည်နယ် မြို့တော် မိုင်ဒူဂူရီ သည် အစွန်းရောက် အစ္စလမ္မစ် အဖွဲ့တစ်ခုဖြစ်သော ဘိုကိုဟာရမ်တို့ ၏ မူလဘူတ ဒေသလည်း ဖြစ်သည်။ အဆိုပါ ဘိုကိုဟာရမ်တို့၏ လက်ချက်ကြောင့် ယခုအချိန်ထိ လူပေါင်း ၂၀,၀၀၀ ကျော် သေဆုံးထားခဲ့ရပြီး လူ ၂ သန်း ခြောက်သိန်းခန့်မှာလည်း နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags