မက္ကဆီကို ဂျာနယ်လစ်တစ်ဦး မိသားစုရှေ့တွင် ပစ်သတ်ခံရ

မက္ကဆီကို ဂျာနယ်လစ်တစ်ဦး မိသားစုရှေ့တွင် ပစ်သတ်ခံရ

မတ် ၂၀ ။        ။ မက္ကဆီကို ဂျာနယ်လစ်တစ်ဦး မိသားစုနှင့် အတူ အပြင်ထွက်လည်စဉ် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်း ဂျာနယ်လစ်ကို မိသားစုရှေ့တွင်ပင် သေနတ်သမားများက ပြောင်ပြောင်တင်းတင်း ပစ်ခတ်လုပ်ကြံသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရီကာဒို မွန်လွေ ကာဘရီရာ ဆိုသူ ဂျာနယ်လစ်မှာ ၎င်း၏ ဇနီး၊ သားဖြစ်သူတို့နှင့်အတူ Veracruz ပြည်နယ်ရှိ စားသောက်ဆိုင်တစ်ခုသို့ ထွက်လာစဉ် ယခုကဲ့သို့ နေ့ခင်းကြောင်တောင် ပစ်သတ်ခံလိုက်ရခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ပြည်နယ်မှာ နိုင်ငံတွင် သတင်းသမားများအတွက် အသက်အန္တရာယ်အရှိဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်လို့ ရနိုင်ကြောင်းလညး် သိရသည်။

ယခုဖြစ်စဉ်တွင် ဂျာနယ်လစ်တစ်ဦးတည်းသာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏မိသားစုတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း မက္ကဆီကို ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မရှင် အတွင်းရေးမှူးချုပ် ဂျော့ မိုရေးစ် က ပြောသည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် လများအတွင်းကလည်း သတင်းသမား ကိုးဦးထိ လုပ်ကြံသတ်ဖြတ်ခံထားရသည်ဟုလည်း သိရသည်။

သေဆုံးသွားသော ဂျာနယ်လစ်မှာ ပြည်တွင်းက စီးပွားရေးသတင်းစာတစ်စောင်တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်းနှင့် ဒေသတွင်း နိုင်ငံရေးနှင့် သကြားစိုက်လုပ်ငန်းတို့နှင့်ပတ်သက်သည့် သတင်းဆောင်းပါးတစ်ပုဒ်လည်း ရေးသားထားခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်တွင် ဂျာနယ်လစ် ကာဘရီရာ နှင့် မိသားစုသည် ယန်ဂါမြို့မှ နာမည်ကြီး စားသောက်ဆိုင်တစ်ခုသို့ ရောက်ရှိခဲ့ပြီး ၎င်းတို့ ကားရှိရာသို့ လမ်းလျှောက်လာစဉ် အနီးအနားမှ ကားတစ်စီး ရောက်လာပြီး ကားပေါ်မှ သေနတ်သမားနှစ်ဦးက ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ရှိနေခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အဆိုရ မက္ကဆီကိုနိုင်ငံသည် လက်တင်အမေရိကတွင် သတင်းသမားများအတွက် အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်နေကြောင်းနှင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်ကြားကာလ၌ အသတ်ခံရသူ ဂျာနယ်လစ်ဦးရေ ၉၉ ဦးထိ ရှိထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly