One Championship

ရွာငံက ကော်ဖီစိုက်တောင်သူတွေရဲ့ ပြောင်းလဲလာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ

.

ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုမှာ နာမည်ရလာနေတဲ့ ရှမ်းပြည်တောင်ပိုင်း ရွာငံဒေသက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှုနဲ့ ကော်ဖီထုတ်လုပ်တဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်လျက်ရှိနေတဲ့   ဒေသခံလုပ်သားတွေရဲ့ စကားသံကို နားထောင်ရမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသဟာကော်ဖီထုတ်လုပ်မှုနဲ့ နာမည်ထင်ရှားလာသလို အဲဒီမှာရှိတဲ့ ရေပြာအိုင်ကြောင့်လည်း ပြည်တွင်းခရီးသွားလုပ်ငန်းအတွင်း နာမည်ရကျော်ကြားလာပါတယ်။ ဒီလို အမှတ်အသားတွေကြောင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းကလည်း အထိုက်အလျောက် တိုးတက်မှုတွေတော့ ရှိလာတယ်လို့ ဒေသခံအမျိုးသားက ပြောပါတယ်။

"အရင်တုန်းကတော့ တောင်သူတွေက သမရိုးကျပေါ့နော်။ သူတို့တောင်စိုက်မယ်ယာစိုက်မယ်။ တောင်ယာလုပ်မယ် နောက်ပြီး ဥယျာဉ်ခြံလုပ်မယ်။ ဒါလောက်ပဲ၊ အခုကြတော့ ရေပြာအိုင်ဆိုပြီးတော့ ပေါ်ထွက်လာတဲ့ အခါကြတော့ ဒေသခံတွေ အနေနဲ့  သူတို့ယာထဲကထွက်တဲ့ သစ်သီးသစ်နှံလေးတွေ ရောင်းတာချတာတို့ ခုကြတော့ ဒီဈေးဆိုင်လေးတွေနဲ့ ဆိုတော့ သူတို့အတွက်တော့ အဆင်ပြေတာပေါ့နော်။" လို့ ရွာငံဒေသခံ ကိုဗိုလ်လေးစိန်က ပြောပါတယ်။

ဥာဏ်ကြီးရှင် ကော်ဖီစက်ရုံရဲ့ ကော်ဖီစက်ရုံလုပ်သား ညိုမာအေးက "ဒီကုမ္ပဏီထဲမှာ ကျမအလုပ်ဝင်လုပ်ရတာ မိသားစုအတွက်လည်း အဆင်ပြေတယ် ဝင်ငွေ ပုံမှန်ရတဲ့သဘောပေါ့။ ရာသီအလိုက် လုပ်ခဲ့တာတော့ အဆင်ကတော့ ပြေတယ်။ ဒါပေမယ့် အခက်အခဲတော့ ရှိခဲ့တာပေါ့ မိုးရွာတာတို့ နေပူတာတို့ လုပ်ငန်းပုံမှန် မဆင်းနိုင်ဘူးလေ။" လို့ ပြောပြပါတယ်။

ဒီကော်ဖီထုတ်လုပ်တဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေသူတွေက အရင်က တောင်ယာလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်ကြပြီး တောင်ယာ လုပ်သားဘဝကနေ ၀န်ထမ်းဘဝကို ကူးပြောင်းလာကြသူတွေ ဖြစ်ပါတယ်။

"ကျွန်တော်တို့က ၁၂ ရာသီမှာ စားဝတ်နေရေးတစ်နှစ်မှ တစ်ခါဘဲလုပ်တာ တစ်နှစ်မှ တစ်ခါပဲစားရတာ ဒီနားမှာဆိုတော့ လစဉ်တိုင်း စားရတာပေါ့နော်။" လို့ ဥာဏ်ကြီးရှင် ကော်ဖီစက်ရုံရဲ့ ကော်ဖီစက်ရုံလုပ်သား နောက်တစ်ဦးဖြစ်တဲ့ ဇော်ရှိုင်းက ပြောပါတယ်။

ဥာဏ်ကြီးရှင်ကော်ဖီရဲ့ စက်ရုံမန်နေဂျာ မစိုးလဲ့လဲ့မိုးကတော့ "အခုနောက်ပိုင်းဆိုရင်တော့ အလုပ်အကိုင် အခွင့်အလမ်းအတွက်ကိုသူတို့ တော်တော်လေးကိုလည်း စိတ်ပါဝင်စားမှု ဖြစ်လာကြတယ်ပေါ့၊ သူတို့ အရင်တုန်းကလုပ်ရတဲ့ လုပ်ငန်းပိုင်းအနေအထားနဲ့ အခုကော်ဖီစက်ရုံမှာ လာလုပ်ရတဲ့အနေအထား လုပ်ငန်းပိုင်းကွာခြားချက်ကလည်း အများကြီး ကွာခြားချက်ရှိတယ်ပေါ့။"လို့ ပြောပါတယ်။

အခုအချိန်မှာတော့ မိရိုးဖလာလုပ်ကိုင်လာတဲ့ တောင်ယာပေါ်မှာ ရာသီဥတုကိုမှီပြီးစိုက်ပျိုးရတဲ့ စပါးတွေ၊ ပဲတွေကို စိုက်ပျိုးခြင်းထက် နှစ်ရှည်ပင်ချယ်ရီသီးပင်တွေကို စိုက်ပျိုးလာကြပါတယ်။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာလည်း ဖွံဖြိုးဖို့ လိုအပ်နေသေတဲ့ ဒေသတွေ တော်တော်များများ ကျန်ရှိနေပါတယ်။

မြေယာပေါတဲ့ တောင်တန်းတွေမှာ စိုက်ပျိုးရေးကိုအခြေခံပြီး ဒေသခံတွေကို အလုပ်အကိုင်အခွင့် အလမ်းတွေ ရှာဖွေပေးနိုင်သလို ခရီးသွားလုပ်ငန်းတွေ ဝင်ရောက်လာနိုင်အောင် နေရာသစ်တွေ ရှာဖွေတာကလည်း ဒေသဖွံဖြိုးဖို့တွက် အထောက်အကူတစ်ခုပါ။