အစိုးရသက်တမ်း ၁ နှစ်အတွင်း စီးပွားရေးကဏ္ဍလုပ်ဆောင်မှုအပေါ် လုပ်ငန်းရှင်များအားမရ

အစိုးရသက်တမ်း ၁ နှစ်အတွင်း စီးပွားရေးကဏ္ဍလုပ်ဆောင်မှုအပေါ် လုပ်ငန်းရှင်များအားမရ
 

လာမယ့် ဧပြီလ၁ ရက်နေ့ဆို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်တဲ့ အစိုးရဟာနိုင်ငံ့ရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးတာဝန်ယူခဲ့တာအချိန် ၁ နှစ်ကို ပြည့်တော့မှာပါ။ မှတ်တမ်းဝင် သောင်ပြို ကမ်းပြိုရွေးကောက်ပွဲအောင်မြင်မှုနဲ့အတူ အများမျှော်လင့်ကြတာက ရှေ့လမ်းကြောင်းတိုးတက်မှုပါ။ ဒီအပေါ်မှာနိုင်ငံ့ရဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုစီးဝင်ဖို့တိကျတဲ့ စီးပွားရေးမူဝါဒတွေနဲ့ တိုင်းပြည်စီးပွားရေးတိုးမြှင့်ဖို့ကိုလည်းစီးပွားရေးလုပ်ကိုင်သူတွေကမျှော်လင့်နေကြတာပါ။

“လက်ရှိအစိုးရက ရုတ်တရက် ပေါ်ပေါက်လာတာမဟုတ်ဘူး၊ ပြည်သူကအရပ်သားအစိုးရအဖြစ် ရွေးချယ်ခဲ့တာ၊ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်ခဲ့သလိုတိုးတက်မှုတွေကိုမတွေ့ရဘူး” လို့ ပြောလိုက်သူကတော့ အဆာဟိလွယ်ဟိန်းကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းပါ။

ဒါပေမယ့် ကြွင်းရစ်တဲ့ စိန်ခေါ်မှုမျိုးစုံ၊ ပြေလည်မှုမရှိသေးတဲ့ ပြသနာအကြွေးပေါင်းစုံကိုဖြေရှင်းနေရတဲ့ အစိုးရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဖော်ဆောင်မှုတွေအပေါ် မျှော် လင့်ချက်ရောင်ခြည်   မှေးမှိန်မှုလာနေတယ်ဆိုတဲ့ စကားသံတွေကတော့ နေ့တိုင်းအမျှလို ကြားနေရတာပါ။

စီးတီးမတ်ဟိုးဒင်းလီမိတက်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်ကလည်း "မြန်မာဟာတိုးတက်ဖို့ အလားအလာအများကြီးရှိတယ်၊ ဒါကြောင့်လည်း စီးပွားရေးတိုးတက်ဖို့ကို အများကြီးမျှော်လင့်ခဲ့တယ်၊ ကျွန်မအနေနဲ့တော့ အဲလိုမျှော်လင့်ချက်မျိုးအတိုင်းမတွေ့ရသေးဘူး၊ တိုင်းပြည်ရဲ့ စီးပွားရေးကကျဆင်းနေတယ်လို့ မြင်တယ်။" လို့ ပြောပါတယ်။

အစိုးရရဲ့ တစ်နှစ်အတွင်းစီးပွားရေးကဏ္ဍဖော်ဆောင်မှုအပေါ်ထင်သလောက် ခရီးမရောက်ခဲ့ဘူးဆိုတာကိုနိုင်ငံရဲ့ အကြီးဆုံး လက်လီအရောင်းဆိုင်လုပ်ငန်းရှင်   ဖြစ်သူ ဒေါ်ဝင်းဝင်းတင့်က   ပြောပြလာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ အုပ်ချုပ်မှုအာဏာရလာအပြီးရက်ပေါင်း ၁၂၀အကြာမှာ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုကိုအခြေခံထားတဲ့  အချက်ပေါင်း ၁၂ ချက်ပါ၀င်တဲ့ မြန်မာ့စီးပွားရေးမူဝါဒကို ထုတ်ပြန်ခဲ့ပေမယ့် အဲဒိ မူဝါဒ ၁၂ချက်အပေါ်မှာအားမလိုအားမရခဲ့ဖြစ်တယ်ဆိုတဲ့ တုန့်ပြန်မှုတွေလည်းရှိခဲ့ပါတယ်။

"ဒီစီးပွားရေးမူဝါဒအပေါ်မှာ ထင်ထင်ရှားရှားမခံစားခဲ့ရပါဘူး။ ကျွန်တော်တို့ သိချင်တာဒါနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ၊ အစိုးရကရောဒါကိုကိုင်စွဲပြီး စီးပွားရေးကိုဘယ်လိုအရှိန်မြှင့်မလဲဆိုတာ သိချင်ပါတယ်။"လို့ ဒေါက်တာစိုင်းဆမ်ထွန်းက မေးခွန်းထုတ်လိုက်ပါတယ်။

နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းမှုတွေမှာတော့ မြန်မာ့GDPတိုးတက်မှုဟာ နှစ်စဉ် ပျှမ်းမျှ တိုးတက်မှုနှုန်း ရ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်းအတွင်းရှိတယ်.. ဒါဟာကမ္ဘာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုပြီးအကောင်းရှုမြင်မှု တွေကရှိနေပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ်သက်တမ်းအတွင်းငွေကြေးဖောင်းပွမှုမြင့်မားတာတွေ၊ အခြေခံစားသောက်ကုန်စားရိတ်စျေးနှုန်းသိသိသာသာမြင့်တက်လာတွေနဲ့ ပုဂ္ဂလိကဏ္ဍရင်းနှီးမြှုပ်နှံကဏ္ဍ စိန်ခေါ်မှုတွေကလည်း နိုင်ငံ့စီးပွားရေးတိုးတက် ဖို့အတွက် ဖိအားတွေ ဖြစ်ခဲ့ပါတယ်။

"အခုအတိုင်းသာ ဆက်သွားနေလို့ကတော့ စိန်ခေါ်စရာအများကြီးရှိတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားဝင်ငွေရဖို့ကလည်း ရှာနိုင်တဲ့အနေအထား အရမ်းကိုအားနည်းနေတယ်၊ အစိုးရအနေနဲ့ ဘယ်ကနေ ဝင်ငွေရမလဲဆိုတာကို တော်တော်စဉ်းစားပြီးတော့ မဟာဗျူဟာကျကျ လုပ်ရမယ့်အချိန်မျိုးလို့တော့ မြင်တယ်။"လို့ စီးတီးမတ်ဟိုးဒင်းလီမိတက်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က သူမရဲ့ အမြင်ကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အကြီးတန်းစီးပွားရေးပညာရှင် ဟာဘိရက်(ဘ)ကတော့ "အစိုးရကများပြားတဲ့ လုပ်ငန်းစဉ်တွေကိုရင်ဆိုင်ရဖို့ ရှိနေတယ်။ အဲဒိမှာဖိအားအများကြီးလည်းရှိနေတယ်။ စီးပွားရေးအတွက်လည်းစိန်ခေါ်စရာအသစ်တွေလည်းရှိသေးတယ်။ ဒီစိန်ခေါ်မှုအသစ်တွေကိုတုန့်ပြန်ဖို့ အဖွဲ့အစည်းတွေရဲ့ အလုပ်လုပ်နိုင်စွမ်းတွေ၊ မူဝါဒပိုင်းတွေမှာလည်း ဖိအားအများကြီးကလည်းတစ်ဘက်မှာရှိနေပြန်တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အကြံပေးလိုတာကရေတို၊ ရေလတ် အစီအမံတွေနဲ့ အရေးအကြီးဆုံးအရာကိုသတ်သတ်မှတ်မှတ်နဲ့ ဦးစားပေးဖို့ပဲဗျ။ အများကြီးကိုစုပြံုအာရုံစိုက်ရင် နှောင့်နှေးမှုတွေ ဖြစ်သွားလိမ့်မယ်။ ဦးစားပေးရွေးချယ်မှုကသိပ်အရေးကြီးတယ်။" လို့ အကြံပြုထားပါတယ်။

အစိုးရအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်ကရော.. တိုင်းပြည် အာဏာရလာတဲ့အချိန် တွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအဓိကဦးတည်ချက်အဖြစ် လုပ်ကိုင်လျက်ရှိနေတာပါ။

ဒါကြောင့် နိုင်ငံရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ကလည်းအစိုးရသက်တမ်းအတွင်းစီးပွားရေးဖော်ဆောင်မှု နှေးကွေးခဲ့တယ်ဆိုတာကို ဝန်ခံထားပြီးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံှုမှုဥပဒေသစ်နဲ့ ကုမ္ပဏီဥပဒေတွေကိုခေတ်နဲ့အညီ ပြင်ဆင်ရေးဆွဲနေပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်သွားဖို့လည်းရှိနေပါတယ်။ ဘာပဲပြောပြောအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအစိုးရသက်တမ်းတစ်နှစ် ပြည့်တော့မှာဖြစ်ပါတယ်။ ဒီတစ်နှစ်အပြီးနောက်တစ်နှစ်မှာရော…?

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly