ဧရာဝတီတိုင်းအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသူများ ဝင်ငွေခွန်ကင်းလွတ်ခွင့် နှင့် သက်သာခွင့်ရှိရမည်

ဧရာဝတီတိုင်းအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသူများ ဝင်ငွေခွန်ကင်းလွတ်ခွင့် နှင့် သက်သာခွင့်ရှိရမည်

ပုသိမ်၊ မေ ၁၉ ။               ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ဇုန်အလိုက် ဝင်ငွေခွန်ကင်းလွတ်ခွင့် နှင့် အခွန်သက်သာခွင့်များ အသီးသီးရရှိနိုင်မည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

"ဝင်ငွေခွန်ကက်းလွတ်ခွင့်နှင့်သက်သာခွင့်ပြုရန်အတွက် ဇုန်တွေကို သုံးဇုန်ခွဲထားပါတယ်။ ၊ဖွံ့ဖြိုးမှုနည်းပါးသောဇုန်ကို ဇုန်တစ်သတ်မှတ်ပြီး ဖွံ့ဖြိုးမှုအသင့်အတင့်ရှိတဲ့ဇုန်တွေကို နှစ်လိုသတ်မှတ်ပြီး၊ ဖွံ့ဖြိုးမှုရှိတဲ့ ဇုန်တွေကို ဇုန်သုံးလို့သတ်မှတ်ပါတယ်။ ဇုန်တစ် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရနှစ်၊ ဇုန်နှစ်က ဝင်ငွေခွန်ကင်းလွတ်ခွင့် ၅နှစ်သတ်မှတ်ထားပါတယ်” ဟု ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက မတ်လ ၁၇ရက်က လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ပြောသည်။

ထိုသို့အခွန်ကင်းလွတ်ခွင့်ပေးခြင်း၏ ရည်ရွယ်ချက်ကိုလည်း "ရင်းနှီးမြုပ်နှံမယ်သူတွေကို တကယ်တမ်း ရင်းနှီးမြုပ်နှံအောင်ဆွဲဆောင်မှုစည်းရုံးမှုတစ်ရပ်ဖြစ်ပါတယ်" ဟု ဝန်ကြီးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဇုန်တစ်အနေဖြင့် ပုသိမ်မြို့နယ်အတွင်း ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဘိုကလေးမြို့နယ်၊ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်တို့ဖြစ်ပြီး ကျန်မြို့နယ်များ ဇုန်နှစ်အဖြစ် သတ်မှတ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်တွင်းပြည်ရင်းနှီးမြုပ်နှံမှုများ လာရောက်လုပ်ကိုင်ရန်အတွက် ရင်းနှီးမြုပ်နှံမှုဥပဒေသစ်တွင် ဖြေလျော့မှုများပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ရေလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့်ဟိုတယ်ခရီးသွားလုပ်ငန်း စသဖြင့် စုစုပေါင်းလုပ်ငန်း၂၀အား အမေရိကန်ဒေါ်လာ ၃၅၆.၅၃ သန်းရင်းနှီးမြုပ်နှံထားပြီး စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သည်။

နိုင်ငံသားရင်းနှီးမြုပ်နှံမှုတွင် စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်း၊ မွေးမြူးရေးနှင့်ရေလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်း ၂၂ခု ရင်းနှီးလုပ်ကိုင်ပြီး ရင်းနှီးမှုတန်းဖိုး မြန်မာငွေ ၁၉၀ ဘီလီယံကျော်ရှိရာ စက်မှုဇုန်တည်ထောင်ရေးလုပ်ငန်းမှာ အများဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly