WLB က ပြည်တွင်းတွင် အခြေချ၍ ငြိမ်းချမ်းရေး၊ အမျိုးသမီးများအရေး၊ တရားမျှတရေးတို့ကို ပိုမိုလုပ်ဆောင်သွားမည်

WLB က ပြည်တွင်းတွင် အခြေချ၍ ငြိမ်းချမ်းရေး၊ အမျိုးသမီးများအရေး၊ တရားမျှတရေးတို့ကို ပိုမိုလုပ်ဆောင်သွားမည်
(ဓာတ်ပုံ-ဖနိဒါ)

ချင်းမိုင်၊ မတ် ၁၉ ။             ။ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ၏ ၉ ကြိမ်မြောက်ညီလာခံတွင် WLB အနေဖြင့် မြန်မာနိုင်တွင်း၌ အခြေချကာ အမျိုးသမီးတန်းတူရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများကို အဓိကဦးစားပေးလုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။

မတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပခဲ့သော WLB၏ ၉ ကြိမ်မြောက် ညီလာခံတွင် လာမည့် ၂ နှစ်တာ ကာလအတွင်း လုပ်ဆောင်ရမည့် နည်းဗျူဟာများကို ဆွေးနွေးဆုံးဖြတ်ခဲ့သလို၊ WLB ၏ အတွင်းရေးမှူးသစ်များကိုလည်း ရွေးချယ်တင်မြောက်ခဲ့သည်။

“ကျွန်မတို့ ပြည်တွင်းမှာ အခြေစိုက်ဖို့လည်း ကျမတို့ ဆွေးနွေးခဲ့တာပေါ့နော်။ ကျမတို့အဖွဲ့ တော်တော်များများက သဘောတူညီချက်အရလည်း ရွှေ့ပြောင်းတာလည်းဖြစ်တယ်။ ပြီးလို့ရှိရင် အခြေအနေအရ တဖက်မှာဆိုရင်လည်း နိုင်ငံရေး ရပ်တည်ချက်အနေနဲ့ ကျမတို့လုပ်ဆောင်တဲ့အပေါ်မှာ ပေါ်လစီပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲတာတို့၊ ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားသွားမယ့် အနေအထားနဲ့ ကျမတို့ ပြည်တွင်းမှာလည်း ပြန်ရွှေ့ဖို့ရှိပါတယ်။ ဒါပေမဲ့ တစုံလုံးတော့ မဟုတ်ဘူး။”ဟု လက်ရှိ WLB တွဲဘက် အတွင်းရေးမှူး (၁) နော်ဆဲဆဲက ပြောသည်။

ယင်းအပြင် လာမည့် နှစ် နှစ်အတွင်း WLB၏ လုပ်ဆောင်မည့်ကိစ္စရပ်များကို ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ အမျိုးသမီး တန်းတူရေး၊ တရားစီရင်ရေးနှင့် လက်ရှိ နိုင်ငံရေးအခင်းအကျဉ်းများကို ပြန်လည် သုံးသပ်ခြင်း စသည့်အချက်များ အပါအဝင် အဓိက အချက် ၆ချက်အပေါ် အခြေခံပြီး မဟာဗျူဟာကျကျ လုပ်ဆောင်ရန် လျားထားထားသည်ဟု ၎င်းက ပြောသည်။

တွဲဘက်အတွင်းရေးမှူး (၂) မော်ဒေးမြာကလည်း “လာမဲ့နှစ်မှာ ပိုပြီးတော့ အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်ရမယ့်အရာတွေက ပထမတချက်က ငြိမ်းချမ်းရေး၊ ဒုတိယတချက်က တရားမျှတရေး(justic)၊ နောက် တတိယအချက်ကတော့ ဖက်ဒရယ် ဒီမိုကရေစီပေါ့နော် ဒီသုံးခုကို အခြေခံပြီးတော့ ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်” ဟု ပြောသည်။

လာမည့် ၂ နှစ်အတွင်း WLB ၏ လုပ်ငန်းများအရ မြန်မာနိုင်ငံအတွင်း၌ လုပ်ဆောင်ရန် ပိုမိုများပြားသော်လည်း ပြည်တွင်း၌ လုံးဝအခြေချရန်မှာမူ ဆက်လက်ဆွေးနွေးရမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။

WLB ၏ ၉ ကြိမ်မြောက် ညီလာခံတွင် နှစ်နှစ်တာကာအတွင်း ချမှတ်ထားသည့် မဟာဗျူဟာ၊ ဦးတည်ချက်၊ ရည်မှန်းချက်များဖြစ်သော အမျိုးသမီးများအားစွမ်းရည်မြှင့်တင်ခြင်း၊ အမျိုးသမီးများအပေါ် ကွဲခြားဆက်ဆံမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ

နိုင်ငံရေး အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် WLB ၏ အခန်းကဏ္ဍများကို ပြန်လည်သုံးသပ်ခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ WLB က ပါဝင်လာနိုင်မှုသည် ပြီးခဲ့သည့် နှစ်နှစ်နှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်သည့် ရလာဒ်တစ်ခုဖြစ်ကြောင်းလည်း WLB ၏ အတွင်းရေးမှူးဟောင်း မဂျူလီယာမရိပ်က ပြောသည်။

WLBသည် ၂၀၁၅ ခုနှစ်က ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးအစည်းအဝေးတွင် တက်ရောက်နိုင်ခြင်း၊ ထိုနှစ် ဇွန်လက ပြုလုပ်သော လော်ခီးလာအစည်းအဝေးတွင်လည်း လေ့လာသူအနေဖြင့် တက်ရောက်နိုင်ခြင်းနှင့် NCA ပါ အခန်း ၅ အပိုဒ် ၂၃ တွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ရေး အဆိုပြုနိုင်ခဲ့ခြင်း၊ ၂၀၁၆ ခုနှစ် ဇူလိုင်လက မိုင်ဂျာယန်တွင် ပြုလုပ်သော ထိပ်သီးအစည်းအဝေး၌လည်း WLB က ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ခွင့် ရရှိခဲ့သည်။

WLB ကို ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်က ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ချ်နိုင်ငံများတွင် အခြေစိုက်ထားသော မြန်မာနိုင်ငံ အမျိုးသမီးသမဂ္ဂ(BWU)၊ ကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)-(KWAT)၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း(SWAN)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)၊ ကယန်းအမျိုးသမီးအစည်းအရုံး(KYWO)၊ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO)၊ လားဟူအမျိုးသမီး အစည်းအရုံး(LWO)၊ ပလောင်အမျိုးသမီးအစည်းအရုံး(PWO)၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂ(PWU)၊ ရခိုင်အမျိုးသမီးအစည်းအရုံး (RWU)၊ ထားဝယ်အမျိုးသမီးသမဂ္ဂ(TWU)နှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့ (WRWAB) စသည့် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ပါဝင်သည်။

WLB ၏ ၉ ကြိမ်မြောက် ညီလာခံတွင် ၎င်းအဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ် ၅၀ကျော် တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags