ဘတ်စ်ကားသစ်များ လဲလှယ်ပြေးဆွဲရန် ကားအစီးရေ ၁,ဝဝဝ စတင်မှာယူ

ဘတ်စ်ကားသစ်များ လဲလှယ်ပြေးဆွဲရန် ကားအစီးရေ ၁,ဝဝဝ စတင်မှာယူ

ရန်ကုန်၊ မတ်လ ၁၉ ။             ။ YBS ယာဉ်လိုင်းများ ဒုတိယအဆင့်အနေဖြင့် ဘတ်စ်ကားသစ်များ လဲလှယ်ပြေးဆွဲနိုင်ရန် တရုတ်နိုင်ငံမှ ယာဉ် အစီးရေ တစ်ထောင် (၁,ဝဝဝ) စတင်မှာယူထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ ပြောသည်။

ယာဉ်အစီးရေ တစ်ထောင်ကို ပထမအသုတ်အနေဖြင့် မတ်လ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံနှင့် အစိုးရအချင်းချင်း ဝယ်ယူသည့် အစီအစဉ်ဖြင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ ဘတ်စ်ကားများမှာ ဧပြီလကုန်တွင် ရောက်ရှိမည်ဟု သိရသည်။

“အခုက နှစ်လပဲ ရှိပါသေးတယ်။ လက်ရှိအခြေအနေကတော့ အခက်ခဲတွေ အများကြီးရှိနေတယ်။ တစ်ဖက်ကလည်း တို့က GPS တပ်တာတို့ ဘာတို့ အချိန်ပြည့်လုပ်နေတယ်။ စည်းကမ်းပိုင်းတွေလည်း ချက်ချင်း အရေးယူဆောင်ရွက်ပေးနေတယ်လေ။ ကားအသစ်ဝယ်ယူတာတွေကိုလည်း အခုစလုပ်နေပြီ။ အခုကားဝယ်ယူဖို့ အတွက်တော့ အစိုးရချင်းချင်း ဝယ်ယူတဲ့ အစီအစဉ်နဲ့ စာချုပ်ချုပ်ပြီးပြီ။ စာချုပ်ချုပ်ပြီးပြီ ဆိုတာနဲ့ အမြန်ဆုံးပို့မှာပါ” ဟု (YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က လုပ်ဆောင်နေသည့် YBS ယာဉ်လိုင်းများ အခြေအနေ နှင့် ပတ်သက်၍ ရှင်းပြသည်။

လက်ရှိ YBS စနစ်သစ်တွင် ဘတ်စ်ကားစီးရေ ၃,၅ဝဝ ကျော် ပြေးဆွဲနေပြီး စီးရေ ၄,၅ဝဝ အထိ ပြေးဆွဲနိုင်ရန် ရန်ကုန်တိုင်းအစိုးရက မျှော်မှန်းထားကြောင်း YART မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် သုံးလတစ်ကြိမ် အဆင့်မြှင့်တင်မှု ပြုလုပ် မည်ဖြစ်ပြီး YBS စနစ်သို့ ပထမအဆင့်ပြောင်းလဲခဲ့ပြီးနောက် ယခု ဒုတိယအဆင့်အနေဖြင့် YBS အများပိုင် ကုမ္ပဏီများမှ ဧပြီလတွင် ကားသစ်များဖြင့် လဲလှယ်ပြေးဆွဲရမည်ဖြစ်ကြောင်း YBS ယာဉ်လိုင်းစတင်ပြေးဆွဲမှု တစ်လပြည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

YBS ယာဉ်လိုင်းများအတွက် ဘတ်စ်ကားစီးရေ ၃,ဝဝဝ ခန့်ကို အစိုးရအချင်းချင်း ဝယ်ယူသည့် အစီအစဉ်ဖြင့် မှာယူတင်သွင်းသွားမည် ဖြစ်ပြီး လက်ရှိပြေးဆွဲနေသော ဘတ်စ်ကားများထဲမှ   ကောင်းမွန်သည့် ဘတ်စ်ကားများ ကို ပေါင်းကာ ဘတ်စ်ကားစီးရေ ၄၅ဝဝ ခန့်ကို အများပိုင်ကုမ္ပဏီပုံစံဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်း သိန်းက ပြောခဲ့သည်။

ယင်း YBS အများပိုင်ကုမ္ပဏီများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (က) အစုရှယ်ယာအဖြစ် ပါဝင်သွား မည်ဖြစ်ကာ YBS စနစ်အတွက် လျာထားငွေ ကျပ် ရ၅ ဘီလီယံမှ ဘတ်စ်ကားသစ်များ ဝယ်ယူနိုင်ရေးအတွက် ဘဏ္ဍာငွေ လျာထားပြီးဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly