တောင်ဥက္ကလာပမြို့နယ်မှ ဗိုလ်ချုပ်ကြေးရုပ်အတွက် မြေနေရာ အခက်အခဲဖြစ်နေ

တောင်ဥက္ကလာပမြို့နယ်မှ ဗိုလ်ချုပ်ကြေးရုပ်အတွက် မြေနေရာ အခက်အခဲဖြစ်နေ
ဓာတ်ပုံ- ရဲကောင်းတင့်

ရန်ကုန်၊ မတ်လ ၁၈ ။            ။ မနက်ဖြန် မတ်လ ၁၉ ရက်တွင် တောင်ဥက္ကလာပမြို့နယ်တွင် ယာယီထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေနေရာ မြန်ဆန်စွာပေးရန် လိုအပ်သည်ဟု တောင်ဥက္ကလာပမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုလင်းထက် ကပြောသည်။

“မြေနေရာတည်ဆောက်ရေးနဲ့ပတ်သတ်ပြီးတော့ ထပ်ဆင့် တိုင်းဒေသကြီးအစိုးရကို စာတင်ထားပါတယ်။  

ခွင့်ပြုချက်ရရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က အဆင်သင့်ပါပဲ။ အဓိက ပြောချင်တာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ အမြန်ဆုံးတိတိကျကျ မြေနေရာတည်ဆောက်ခွင့်ကို ပေးဖို့နဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်ကိုလည်း မှန်မှန်ကန်ကန်ဆုံးဖြတ် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ကိုလင်းထက်က ပြောသည်။
ယခုလက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ်ကို တောင်ဒဂုံစက်မှုဇုန်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ပြီးစီးပါက တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံတွင် ထားရှိရန်စီစဉ်ထားကြသည်။

လက်ရှိ တည်ဆောက်နေသည့် ဗိုလ်ချုပ်ကြေးရုပ်သည် အမြင့် (၉)ပေ နှင့် ကြေးပိသာချိန် ၃၀၀ ရှိပြီးု တန်ဖိုးငွေ ကျပ် သိန်းတစ်ရာ့သုံးဆယ် အကုန်ကျခံကာ တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူများ၏ အလှူငွေနှင့် တည်ဆောက်နေခြင်းဖြစ်သည်။

“ဗိုလ်ချုပ် ကြေးရုပ်တစ်ရုပ်ထဲကို လုပ်မယ်ဆိုရင် အချိန် ၂ လလောက်အချိန်ယူ တယ် ဒါပေမယ့် အများနဲ့ ကျတော့ မျှပြီးလုပ်ရင်တော့ အချိန်နည်းသွားတာပေါ့။ တစ်ရုပ်ထဲကို သီးသန့်လုပ်ရင်တော့ အချိန် ၂ လလောက် ကြာပါတယ်” ဟု ကြေးသွန်းပညာရှင် ဦးအောင်မင်းက ပြောသည်။

မတ်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်သည် ယာယီနေရာချထားမည့် တောင်ဥက္ကလာပမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီရုံးသို့ ရောက်ရှိမည်ဖြစ်ပြီး အလေးပြုအခမ်းနားနှင့် ကြိုဆိုကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly