ဒေသခံများ၏ ဆန္ဒ ဆန့်ကျင်ပြီး ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခြင်းဟာ လွဲမှားကြောင်း UNA ထုတ်ပြန်

ဒေသခံများ၏ ဆန္ဒ ဆန့်ကျင်ပြီး ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခြင်းဟာ လွဲမှားကြောင်း UNA ထုတ်ပြန်

ရန်ကုန် ၊ မတ် ၁၈ ။             ။ ဒေသခံပြည်သူလူထု၏ ဆန္ဒသဘောထားကို သိရှိပါလျက်နှင့် ယင်းသဘောထားကို ဆန့်ကျင်ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးရန် ပြည်သူလွှတ်တော် ဆုံးဖြတ်ခဲ့ခြင်းသည် လွဲမှားသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု စည်းလုံး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကထုတ်ပြန်ခဲ့သည်။

 "မည်မျှပင် ကိုယ်စားလှယ်မဲအများစု ဖြစ်နေစေကာမူ မလုပ်သင့် မလုပ်ထိုက်သော ကိစ္စဖြစ်နေလျှင် ရှောင်ရှားရမည် သာဖြစ်သည်" ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ထုတ်ပြန်သည့် ထုတ်ပြန်စာတွင် ရေးသားထားသည်။

ယင်းအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မျက်ကွယ်ပြုပြီး ကိုယ်စားလှယ်မဲအများစုဖြင့် သံလွင်တံတား (ချောင်းဆုံ) အမည် မှ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းသည် တိုင်းရင်းသားအားလုံး၏ ဘဝလုံခြံုရေးကို ထိခိုက်လာစေနိုင်သည့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလအတွင်းက မွန်အမျိုးသား ဒေသခံပြည်သူလူထုများ ပါ၀င်သည့် လူဦးရေ သုံးထောင်ကျော်က ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းကို သဘောမတူကြောင်း ဆန္ဒဖော်ထုတ်ပြီးဖြစ်ကာ လာမည့် မတ်လ ၁၉ ရက်နေ့တွင်လည်း လူဦးရေ သောင်းချီ ဆန္ဒဖော်ထုတ်ရန် ပြင်ဆင်နေသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့သည် လက်ရှိရွေးချယ်ခံထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စိုးရအပေါ် ၀န်းရံအားပေးနေသည့် တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယင်းအဖွဲ့ထဲတွင် ဦးခွန်ထွန်းဦး ဦးဆောင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေမီအဖွဲ့ချုပ် (SNLD) လည်း အပါအဝင်ဖြစ်သည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အနေဖြင့် ဒေသခံ ပြည်သူများ၏ ဆန္ဒကို လေးစားထောက်ခံနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required