လူကုန်ကူးမှုအတွက် အမေရိကန်က ရုရှနှင့် ထိုင်းကို အပြစ်တင် မလေးရှားကို ချီးမွမ်း

လူကုန်ကူးမှုအတွက် အမေရိကန်က ရုရှနှင့် ထိုင်းကို အပြစ်တင် မလေးရှားကို ချီးမွမ်း

ရုရှနှင့် ထိုင်းနိုင်ငံတို့သည် လူကုန်ကူးမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေသည်ဟု အမေရိကန် က "ခေတ်သစ်ကျေးကျွန်စနစ်" အစီရင်ခံစာအတွင်း ထည့်သွင်းစွပ်စွဲလိုက်သည်။

ခေတ်သစ်ကျွန်စနစ်အဖြစ် ပြစ်တင်ရှုတ်ချခံနေရသည့် ကမ္ဘာနှင့်အဝန်း လူကုန်ကူးမှုပြဿနာနှင့် ပတ်သက်သည့် ယင်းအစီရင်ခံစာတွင် မလေးရှားနှင့် ကျူးဘားတွင် တိုးတက်မှုများအတွက်မူ ချီးမွမ်းခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြုစုပြီး၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရားဝင်ကြေညာခဲ့သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် ရုရှနှင့် ထိုင်းနည်းတူ ဗင်နီဇွဲလား၊ အီရန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေနှင့် အခြားနိုင်ငံများလည်း ပါဝင်လာခဲ့သည်။

စာမျက်နှာ ၃၈၂ မျက်နှာပါ အစီရင်ခံစာအရ အဆင့်၃ (Tier 3) ဝင် နိုင်ငံများမှာ ၎င်းတို့၏ အစိုးရများက လူကုန်ကူးမှုနှင့် ပတ်သက်သည့် နိုင်ငံတကာစံနှင့် ဥပဒေများကို မလေးစားသည့်အပြင် ထိရောက်သော ကိုင်တွယ်ဖြေရှင်းမှုများလည်း မပြုလုပ်သောကြောင့် အနိမ့်ဆုံးအမျိုးအစားထဲတွင် ပါဝင်နေသည်ဟုဆိုသည်။

သို့ရာတွင် မလေးရှားနှင့် ကျူးဘားကို အဆင့် ၃ မှ အဆင့်၂ စောင့်ကြည့်စာရင်းသို့ မြှင့်တင်ပေးလိုက်သောကြောင့် သမ္မတ အိုဘားမားအစိုးရမှာ ပလဲနံပ သင့်သူများကို ဆုချရန် နိုင်ငံရေးအရ အဆင့်သတ်မှတ်ခဲ့သည်ဟူသော စွပ်စွဲချက်များ ပေါ်ထွက်လာခဲ့သည်။

မလေးရှားမှာ လက်ရှိ ဝါရှင်တန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ညှိနှိုင်းနေသည့် ပိစိဖိတ်ကမ်းရိုးတန်း နိုင်ငံတစ်ခုဖြစ်ပြီး၊ ကျူးဘားမှာလည်း ဆယ်စုနှစ်များစွာကြာမြင့်လာခဲ့သည့် ရန်ငြိုးကို သင်ပုန်းချေကာ အမေရိကန် ပြည်ထောင်စုနှင့် ပူပူနွေးနွေး သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်လာခဲ့သည့် နိုင်ငံဖြစ်သည်။

ကုန်သွယ်ရေးဆွေးနွေးနေသည့် အရှေ့တောင်အာရှနိုင်ငံ မလေးရှား၏ အခန်းကဏ္ဍက အဆင့်၃မှ မြှင့်တင်ပေးရာတွင် အဆုံးအဖြတ်ကျသလားဟု မေးမြန်းသည့်အခါတွင်မူ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာရာ ဆီးဝဲက လုံးဝမဟုတ်ကြောင်း အကြောက်အကန် ငြင်းဆန်ခဲ့သည်။ အစီရင်ခံစာ၌ မလေးရှားအစိုးရမှာ လူကုန်ကူးမှုကို "ထိထိရောက်ရောက် ဆန့်ကျင်တိုက်ဖျက်ခဲ့သည်" ဟု ရေးသားထားသည်။

ပြီးခဲ့သည့် မေလက ထိုင်းနယ်စပ်အနီးတွင် မလေးရှား လူမှောင်ခိုသမားများ အသုံးပြုခဲ့သည်ဟု ယူဆရသော အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းများကို တွေ့ရှိမှုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် စိုးရိမ်စရာဖြစ်လာသည်။

အစီရင်ခံစာက မတ်လအထိကာလကို ပြန်လည်သုံးသပ်မှု ထွက်ပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။ အမေရိကန်လွှတ်တော်အမတ် များကလည်း အစီရင်ခံစာနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း အသီးသီးဖော်ပြခဲ့ကြသည်။

"သူတို့က နိုင်ငံရေးကို လူ့အခွင့်အရေးရဲ့ အခြေခံအကျဆုံး စည်းမျဉ်းတွေကို ကျော်ပြီးနေရာပေးလိုက်တာပဲ။" "အခြေခံကျတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဖို့ပျက်ကွက်နေတဲ့ နိုင်ငံတွေတောင်မှပဲ အဆင့်မြှင့်ခံရနိုင်တယ်ဆိုတဲ့ သဘောမျိုးသက်ရောက် နေတယ်။’’ ဟု ဒီမိုကရက် အထက်လွှတ်တော်အမတ် ရောဘတ် မီနင်ဒက်ဇ်က ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအုပ်စုများ၏ ညွှန့်ပေါင်းအဖွဲ့ဖြစ်သော Alliance to End Slavery and Trafficking ကလည်း အိုဘားမားအစိုးရသည် လူ့အခွင့်အရေးထက် ကုန်သွယ်ရေးကိုသာ ဇောင်းပေး၍ မလေးရှားကို "တရားမျှတမှုကင်းမဲ့စွာ" အဆင့်မြှင့်တင်ပေးခဲ့သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

နိုင်ငံခြားအလုပ်သမားများ ၅သန်းမှ ၁၂သန်းအထိရှိသော ရုရှနိုင်ငံမှာ ၂၀၁၃ခုနှစ်ကတည်းက အဆိုးရွားဆုံး အဆင့် ၃ ဝင် နိုင်ငံဖြစ်နေခဲ့သည်။

"အဆိုပါ ရွှေ့ပြောင်းလုပ်သားအများစုသည် အထောက်အထားစာရွက်စာတန်းများ သိမ်းဆည်းခံရခြင်း၊ ငှားရမ်းသည့် အလုပ်အတွက် လုပ်ခမရခြင်း၊ ရုပ်ပိုင်းအလွဲသုံးစားလုပ်ခံရခြင်း (သို့မဟုတ်) အလွန်ဆိုးရွားလူမဆန်သော အခြေအနေတွင် နေထိုင်နေရခြင်းကဲ့သို့သော လူကုန်ကူးမှု အများစု၏ ခေါင်းပုံဖြတ်သည့် စရိုက်လက္ခဏာများကို ကြုံတွေ့ရင်ဆိုင်နေကြရပါသည်။’’ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူကုန်ကူးမှုတားဆီးရန်အတွက် ရုရှတွင် နိုင်ငံတော်အဆင့် လုပ်ငန်းစီမံကိန်းနှင့် ရန်ပုံငွေမရှိပဲ၊ လူကုန်ကူးမှုအတိုင်းအတာနှင့် နှိုင်းယှဉ်ပါက တရားစွဲမှုများမှာလည်း မနှိုင်းသာအောင် နိမ့်လွန်းနေသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံမှာမူ ၂၀၁၄ ခုနှစ်က အဆင့် ၂ စောင့်ကြည့်စာရင်းသို့ တက်လှမ်းလာခဲ့ရာ ယခုနှစ်တွင်လည်း အဆင့်၂တွင် မြဲနေခဲ့သည်။

၁၂နှစ်ကြာ အဆင့်သုံးတွင်သာ မြဲနေခဲ့သည့် ကျူးဘားနိုင်ငံမှာလည်း လိင်ကုန်ကူးသူများကို တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်း များနှင့် ဥပဒေစိုးမိုးရေး အားထုတ်ကြိုးပမ်းမှုများကြောင့် ၂၀၁၅ ခုနှစ်တွင် အဆင့်၃ စောင့်ကြည့်စာရင်းသို့ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်ဟု အစီရင်ခံစာကဆိုသည်။

ဥရောပ၊ သြစတြေးလျ တို့ပါဝင်သည့် အနောက်နိုင်ငံအများစုနှင့် အစ္စရေး၊ ထိုင်ဝမ်နှင့် အာမေးနီးယားတို့မှာ ၎င်းတို့၏ လူကုန်ကူးမှုကို ဆန့်ကျင်တိုက်ဖျက်မှု၊ နိုင်ငံတကာစံနှုန်းများကို လိုက်နာမှုတို့ကြောင့် ချီးမွမ်းခံရပြီး အဆင့် ၁ စာရင်းဝင် နိုင်ငံများဖြစ်သည်ဟု အစီရင်ခံစာ၌ရေးထားသည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ကြီး၏ စာရင်းအရ လူကုန်ကူးမှုမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၅၀ဘီလျံအထိရှိသည့် လုပ်ငန်းကြီးတစ်ခုဖြစ်နေပြီး လိင်လုပ်ငန်းတစ်ခုတည်းမှပင် ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၉၉ဘီလျံရှိသည်ဟု ဆိုသည်။

အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ထိုင်းနိုင်ငံမှာမူ ၂၀၀၈နှင့် ၂၀၀၉ခုနှစ်များတွင် အဆင့်၂ မှ ၂၀၁၀မှ ၂၀၁၃ခုနှစ်တွင် စောင့်ကြည့်စာရင်းသို့ ကျဆင်းသွားခဲ့ပြီး ထိုမှနောက်ပိုင်းတွင် အနိမ့်ဆုံး အဆင့် ၃ သို့ ရောက်ရှိခဲ့သည်။

ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုပြဿနာမှာ ၎င်း၏ ကြီးမားလှသည့် လိင်လုပ်ငန်းကို ဗဟိုပြုနေပြီး ကုန်ကူးခံရသူများမှာ အိမ်နီးချင်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ဖြစ်သည်။ ငါးဖမ်းလုပ်ငန်းများတွင်လည်း တံငါကျွန်များအဖြစ် ခိုင်းစေမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly