ဆန္ဒပြ သူနာပြုကျောင်းသားကျောင်းသူများကို အရေးယူမည် မဟုတ်

ဆန္ဒပြ သူနာပြုကျောင်းသားကျောင်းသူများကို အရေးယူမည် မဟုတ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန် ၊ မတ် ၁၈ ။            ။ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သည့် ရန်ကုန် သူနာပြုတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အရေးယူရန်မရှိကြောင်း ယမန့်နေ့ မတ်လ ၁၇ ရက်နေ့ ညနေက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်စာတွင် "နောက်နောင် အလားတူကိစ္စရပ်များ ပေါ်ပေါက်လာပါက ဌာနတွင်း မိသားစုသဖွယ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားမည်" ဟု ပါရှိသည်။ သူနာပြု/သားဖွားများအနေဖြင့် "မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီဥပဒေနှင့် ချမှတ်ထားသော ကျင့်ဝတ် ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည် ဖြစ်ပြီး  လိုင်စင်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်သူများကိုသာ လက်ဝယ် ကိုင်ဆောင်ခွင့်ပြုမည်ဟု ပါရှိသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြတ်ထွေး၊ ၀န်ကြီးဌာနမှ တာဝန် ပေးအပ် ထားသည့် အဖွဲ့ နှင့် သူနာပြုကိုယ်စားလှယ်များ ယမန်နေ့က ရန်ကုန်မြို့၌ တွေ့ဆုံမှုအပြီး အဆိုပါ ထုတ်ပြန်ချက် ထွက်ရှိလာခြင်းဖြစ်သည်။

သူနာပြုများကို ယခင်က ကျောင်းဆင်းပြီးပါက လိုင်စင်ထုတ်ပေးသော်လည်း ယခုအချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ၃ နှစ်တာဝန်ထမ်းဆောင်ပြီးမှ ထုတ်ပေးမည် ဖြစ်ကာ ပုဂ္ဂလိက ဆေးရုံများတွင် လိုင်စင်မရှိသူများကို လက်မခံရန် ညွှန်ကြားချက်ထုတ်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က သူနာပြုကျောင်းသား/ ကျောင်းသူ များက ရန်ကုန်မြို့၌ စီတန်းလမ်းလျှောက်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly